မန်စီးတီးရဲ့ ဘဏ္ဍာရေး စွဲချက်တွေကို ဦးဆောင် စစ်ဆေးမယ့် သူက အာဆင်နယ် ပရိသတ် ဖြစ်နေ

ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်ကြောင်း ပရီးမီးယားလိဂ်ရဲ့ စွဲချက် ၁၁၅ ချက်ဖြင့် စွပ်စွဲထားမှုတွေကို ဦးဆောင်သူတွေထဲမှာ အာဆင်နယ်ပရိသတ်တွေ ပါဝင်တယ်လို့ မန်စီးတီးအသင်းက ထောက်ပြမှုတွေ ပြုလုပ်နေပါတယ်။
ပရီးမီးယားလိဂ်ဘက်က မန်စီးတီးရဲ့ စည်းမျဉ်းပိုင်း ကိစ္စကို ကြားနာဖို့ လွတ်လပ်သော တရားစီရင်ရေးအဖွဲ့ ခေါင်းဆောင် အဖြစ် Murray Rosen KC ကို တာဝန်ပေးခဲ့ပါတယ်။ ၎င်းရဲ့ profile မှာတော့ “member of the MCC and Arsenal FC” ဆိုပြီး ရေးသားထားတာကို မြင်ကြရနိုင်ပါတယ်။
လိဂ်ရဲ့ စစ်ဆေးမှုတွေကို ကြားနားရမယ့် မန်စီးတီးကတော့ Rosen ကိုယ်တိုင်က အာဆင်နယ်အသင်း အမာခံပရိသတ် ဖြစ်နေခြင်းဟာ ခုံရုံးကို ဦးဆောင်ဖို့အတွက် ပြဿနာဖြစ်နိုင်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတယ်။
ဒါပေမယ့်လို့ မန်စီးတီး ကိုယ်တိုင်ကလည်း အမှုကို ခုခံဖို့ ဦးဆောင်ရှေ့နေအဖြစ် အာဆင်နယ်ပရိသတ် တစ်ဦးဖြစ်တဲ့ Lord Pannick KC ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဘက်က စုံစမ်း စစ်ဆေးမှုနဲ့အတူ လက်ရှိ ချန်ပီယံတွေကို စွဲချက်တင်ထားတဲ့ ကိစ္စတွေအတွင်း နည်းပြနဲ့ ကစားသမား လုပ်ခတွေ၊ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေ၊ အကျိုးအမြတ်ရေးရာ ကိစ္စလို ဝင်ငွေပိုင်းဆိုင်ရာ ငွေကြေး အချက်အလက်တွေလည်း ပါဝင်ထားပါတယ်။
မန်စီးတီးဟာ ၂၀၀၉-၂၀၁၀ ကစလို့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ၉ ရာသီစာအတွက် စည်းမျဉ်းပိုင်းဆိုင်ရာ ချိုးဖောက်ကြောင်း ပရီးမီးယားလိဂ်ဘက်က စွပ်စွဲထားပြီး ဒီကိစ္စတွေကို ပရီးမီးယားလိဂ်ဘက်က လွတ်လပ်သော ကော်မရှင်နဲ့ စစ်ဆေးမှု ခံယူစေမှာဖြစ်ပါတယ်။