ဖလား ၃ လုံး ယူဖို့ ဘာတွေ လိုအပ်သလဲနဲ့ ပရိသတ်တွေထံ ကတိစကား ပါးလိုက်တဲ့ ဘာနာဒို ဆေးလ်ဗား
ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာစီးတီးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လုပ်ခဲ့တဲ့အတိုင်း ချန်ပီယံလိဂ်အောင်မြင်မှု ရရှိနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံသွားမှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ၂ ကျော့ပေါင်း ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အဲဒီပွဲစဉ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့်လည်း ၂၀၂၁ ခုနှစ် ဗိုလ်လုပွဲတုန်းကလည်း ချဲလ်ဆီးကို အနိုင်ယူနိုင်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် ပေါ်တိုမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ဆေးလ်ဗားက သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် ရယူဖို့ ကြိုးပမ်းနေတာကြောင့် ဒီတစ်ကြိမ်မှာတော့ ပေါ့လို့ မရတော့ဘူးလို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်နေ့မှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အင်တာမီလန်နဲ့ အစ္စတန်ဘူလ်မှာ တွေ့ဆုံယှဉ်ပြိုင် သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ဥရောပဖလားကြီးကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ဘာနာတို ဆေးလ်ဗားက ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အားလုံးက ကျွန်တော်တို့က ချဲလ်ဆီးနဲ့ ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ပြောခဲ့ပြီး ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကြည့်လေ။ ကျွန်တော်တို့အတွက် လိုအပ်နေတာက ယုံကြည်ချက်ပါ။
ဒါပေမယ့် အင်တာကို အရမ်းလေးစားမှုရှိပြီး ဒီတစ်ကြိမ်မှာတော့ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းသွားမှာပါ။ အခု ကျွန်တော်တို့ က ဘာစီလိုနာနဲ့အတူ ခက်ခဲတဲ့အခြားပြိုင်ဘက်တွေအများအပြားကို ဖြုတ်ပစ်ခဲ့တဲ့၊ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အရည်အသွေးအများကြီး ပြသခဲ့တဲ့၊ အဲဒီအတွက် ကျွန်တော်တို့လေးစားမှုအများကြီးရှိတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင် ကစားရမယ့် ခက်ခဲတဲ့ပွဲအပေါ်မှာ အာရုံစိုက်ဖို့ လိုပါပြီ။
ကျွန်တော်တို့ ကစားရမယ့် ပြိုင်ပွဲ ၃ ခုရှိနေပြီး ကျွန်တော်တို့ ဖလား တစ်လုံးမှ မရတာ၊ တစ်လုံးရတာ၊ ၂ လုံး ဒါမှမဟုတ် ၃ လုံးစလုံးရတာ ဖြစ်နိုင်သေးတယ်။ ကျွန်တော်တို့ ဒီတနင်္ဂနွေနေ့ အိမ်ကွင်းမှာ ကျွန်တော်တို့ ပရိသတ်တွေနဲ့ အတူ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။
အဲဒီကနေ ကျွန်တော်တို့ နောက်ထပ် ဗိုလ်လုပွဲ ၂ ပွဲ ရှိပါတယ်။ ၂ ပွဲစလုံးက အရမ်းခက်ခဲတဲ့ပွဲတွေဖြစ်ပြီး အရမ်း စုဖွဲ့မှုကောင်းတဲ့အသင်းတွေဖြစ်တဲ့ မန်ခကြျစတာ ယူနိုက်တက်၊ အင်တာမီလန်တို့နဲ့ ကစားသွားရမှာပါ။
ကျွန်တော်တို့ သူတို့ကို လေ့လာသွားမှာပါ။ နောက်ထပ်တစ်ကြိမ် နည်းပြရဲ့အစီအစဉ်အတိုင်း လိုက်နာပြီး ဒီအသင်းနဲ့ ထိုက်တန်တဲ့အရာအားလုံးကို ကျွန်တော်တို့ ပရိသတ်တွေကို ပေးဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ပြိုင်ပွဲအားလုံးမှာ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အဲဒါက ခက်ခဲမယ်ဆိုတာကို သိပေမယ့် ကျွန်တော်တို့ ကြိုးစားမှာပါ”လို့ ပြောကြား ခဲ့ပါတယ်။
