မန်စီးတီး အပါအဝင် ဒီအပတ် အမှတ်ပေးဖလား ချန်ပီယံတွေ ဖြစ်သွားနိုင်တဲ့ ဥရောပအသင်းများ

ဒီနှစ် ဘောလုံးရာသီကတော့ ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာနေပါပြီ။ ပွဲစဉ်တွေ မကုန်ခင်မှာပဲ ချန်ပီယံ အဖြေပေါ်တော့မယ့် ဥရောပ လိဂ်တွေ ရှိနေပြီး ဒီတပတ်ထဲမှာ ချန်ပီယံ ဖြစ်သွားနိုင်တဲ့ အသင်းတွေက မန်စီးတီး အပါအဝင် ၄ သင်းတောင် ဥရောပမှာ အခုလို ရှိနေပါတယ်။

(၄) ဘင်ဖီကာ

တနင်္ဂနွေနေ့မှာ အဆင့်၄ နေရာက စပို့တင်းနဲ့ တွေ့တဲ့အခါ ဘင်ဖီကာအနေနဲ့ ပရီမီယာလီဂါဖလားကို ရရှိ သွားနိုင်ပါတယ်။ သူတို့ဟာ ၃၂ပွဲကစား ၈၃မှတ်ရထားပြီး ၂ပွဲကျန်ချိန်မှာ ဒုတိယနေရာက ပေါ်တိုကို ၄မှတ် ဖြတ်ထားတာပါ။ စပို့တင်းကို နိုင်တာနဲ့ သူတို့ ချန်ပီယံဖြစ်သွားပါပြီ။ တကယ်လို့ စနေနေ့မှာ ပေါ်တိုက ဖာမာလီကာအိုကို မနိုင်ရင်လည်း ဘင်ဖီကာက ကြိုပြီး ချန်ပီယံ ဖြစ်ဦးမှာပါ။

(၃) ပီအက်စ်ဂျီ

၃၅ပွဲ ကစားထားပြီး ၈၁ မှတ်ရထားတဲ့ ပီအက်စ်ဂျီဟာ ဒီတစ်ပတ်မှာ ရလဒ်ကောင်းရရင် လီဂူးဝမ်းချန်ပီယံ ဖြစ်တော့မှာပါ။ ဒုတိယနေရာက လန်းစ်ဟာ ၇၅ မှတ်ရထားပါတယ်။ ရာသီကုန်ဖို့ ၃ပွဲသာ ကျန်တော့တာနဲ့အတူ ဒီအပတ်မှာ လန်းစ်က ၃မှတ် မရဘဲ ပီအက်စ်ဂျီက အနိုင်ရရင်၊ နှစ်နှစ်ဆက်ချန်ပီယံ၊ ၁၁ကြိမ်မြောက် အမှတ်ပေးဖလား ရသွားမှာဖြစ်ပါတယ်။

(၂) မန်စီးတီး

မန်စီးတီးဟာ ၃နှစ်ဆက် လိဂ်ဖလားရဖို့ တစ်ပွဲသာ အနိုင်ရဖို့ လိုပါတော့တယ်။ ဒုတိယနေရာက အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးခဲ့တာကြောင့် စီတီဇန်တွေအနေနဲ့ တနင်္ဂနွေနေ့ အီတီဟဒ်မှာ ချယ်ဆီးကို အနိုင်ရတာနဲ့ ချန်ပီယံ ဖြစ်တော့မှာပါ။

ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ သမိုင်းဝင် ဖလားသုံးလုံး အောင်မြင်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ သူတို့ဟာ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲတွေထံ ရောက်ရှိထားတာ ဖြစ်ပါတယ်။

(၁) ဘိုင်ယန်မြူးနစ်

ရာသီနောက်ဆုံး ၂ပတ်ထဲမှာ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ဟာ တစ်မှတ်သာ ကွာဟတာနဲ့အတူ ဘွန်ဒက်စ်လီဂါဖလား တိုက်ပွဲက အဆုံးထိ ပြင်းထန်နေမှာပါ။

၃၂ပွဲ ကစားပြီးချိန်မှာ ဘိုင်ယန်က ၆၈မှတ်၊ ဒေါ့မွန်က ၆၇ မှတ် ရထားပါတယ်။ ပြိုင်ပွဲက ရာသီနောက်ဆုံးရက်အထိ စောင့်ကြည့်ရနိုင်ပေမယ့် ဒေါ့မွန် ခြေချော်သွားရင် ဘိုင်ယန်က ဒီအပတ်မှာတင် ဖလားရသွားနိုင်ပါတယ်။

ဒီအပတ် စနေနေ့မှာ ဘိုင်ယန်က လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဒေါ့မွန်က တနင်္ဂနွေနေ့မှာ အော့စဘက်နဲ့ အဝေးကွင်းမှာ ကစားရမှာပါ။ သူတို့နှစ်သင်းရဲ့ ဂိုးကွာခြားချက်က အတော်ကွာဟနေပြီး ဘိုင်ယန်က ၅၅ဂိုး၊ ဒေါ့မွန်က ၃၆ဂိုး ဖြစ်ပါတယ်။