အာဆင်နယ် ပရီးမီးယားလိဂ်ဖလား ရနိုင်ပါသေးတယ်၊ လက်မလျှော့သေးဘူး ဆိုတဲ့ အာတီတာ
အာဆင်နယ် မီခေး အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရနိုင်သေးတာကြောင့် လက်ကျန် ၂ပွဲစလုံးကို အနိုင်ရအောင် ကြိုးစား ကစားသွားမယ်လို့ ဒီည ဖောရက်စ်နဲ့ ပွဲ မတိုင်ခင်မှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်က အဆင့်(၁) မန်ချက်စတာ စီးတီးထက် ၁ပွဲ ပိုကစားထားချိန်မှာတောင် ရမှတ် ၄မှတ် လျော့နည်းနေခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ကလည်း ၂ပွဲထဲသာ လိုအပ်တော့တာကြောင့် မန်ချက်စတာ စီးတီးက နောက်ထပ် ၁ပွဲကို အနိုင်ကစားရုံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်နည်းပြ မီခေး အာတီတာကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်မလျော့သေးပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးတယ်လို့ ဆိုလာပါတယ်။
အာတီတာက – “ကျွန်တော်တို့က ကစားဖို့ ကျန်နေသေးတဲ့ ၂ပွဲစလုံးမှာ အမှားအယွင်း မရှိ ကစားဖို့ ဆုံးဖြတ် ထားပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပါသေးတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။
အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို အချိန်ကြာမြင့်စွာ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၇ပွဲမှာ ၂ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတွေ ပိုင်ဆိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာ ကနေ ဆင်းပေးခဲ့ရပါတယ်။
အာဆင်နယ်က လက်ကျန် ၂ပွဲမှာ နော်တင်ဟမ် ဖောရက်စ် ၊ ဝုလ်ဗ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ စီးတီးကတော့ ချယ်လ်ဆီး ၊ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရဖို့ ကျန်နေပါသေးတယ်။