ချယ်ဆီးနဲ့ မကန်ခင် ချန်ပီယံ တန်း ဖြစ်သွားတဲ့ မန်စီးတီး၊ စံချိန်ဆိုးတွေ ပိုက်သွားတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ တန်းမဆင်းရဖို့ ရုန်ကန်နေရတဲ့ နော်တင်ဟမ်ဖော်ရက်စ်ကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီး ဆွတ်ခူးသွားပြီဖြစ်ပါတယ်။
ဘရိုက်တန်ကို ရှုံးပြီးကတည်းက ချန်ပီယံဆုမျှော်လင့်ချက် အဆုံးသတ်သွားခဲ့တဲ့ အာဆင်နယ်တို့ အခုပွဲမှာ အရမ်းကြီး အားထုတ်မကစားတော့ဘဲ နော်တင်ဟမ်ဖော်ရက်စ်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်ခွင့်ရဖို့အတွက် အစွမ်းကုန်ကြိုးစား ရုန်းကန်ခဲ့ပါတယ်။
(၁၉)မိနစ်မှာ တိုက်စစ်မှူးအဝွန်နီယီက နော်တင်ဟမ်ဖော်ရက်စ်အတွက် အဖိုးတန်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ် အသင်းကတော့ ချေပဂိုးပြန်ရဖို့ ကြိုးစားပေမယ့်လည်း ကစားသမားတွေကိုယ်တိုင်က အာရုံစူးစိုက်မှုနည်းပါးနေတဲ့အပြင် နော်တင်ဟမ်ဖော်ရက်စ်ဝါရင့်ဂိုးသမားနာဗတ်စ်နဲ့ ခံစစ်ပိုင်းက အမှားအယွင်းမရှိတာကြောင့် (၁-ဝ)ဂိုးရလဒ်ကို ပွဲပြီးတဲ့အထိ ထိန်းကစားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ရှုံးပွဲကြောင့် မန်စီးတီးအသင်းဟာ ဒီညကစားမယ့် ချယ်လ်ဆီးနဲ့ပွဲရလဒ်ကို စောင့်ကြည့်စရာမလိုတော့ဘဲ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပြီး အိမ်ကွင်းမှာ ချန်ပီယံ ဆုဖလားနဲ့ အောင်ပွဲခံခွင့် ရရှိမှာလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်း ဒီရာသီ အဆင့် ၁ နေရာမှ စုစုပေါင်း (၂၄၈)ရက်ကြာ ရပ်တည်ခဲ့ပြီး အင်္ဂလန် အဆင့်မြင့်တန်းပြိုင်ပွဲ သမိုင်းတစ်လျှောက် ထိပ်ဆုံးမှာ ရက်အကြာဆုံးရပ်တည်ပြီးမှ ချန်ပီယံမဖြစ်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်ဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အဆင့်(၁)နေရာကို ရက်ပေါင်းများစွာပိုင်ဆိုင်ပြီးမှ ချန်ပီယံ မဖြစ်ခဲ့တဲ့စာရင်းမှာ အာဆင်နယ်အသင်း (၃)ကြိမ်မြောက်အဖြစ် ရှိလာပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၂-၀၃ ရာသီတုန်းက အဆင့်(၁)နေရာမှာ (၁၈၉)ရက်ကြာ ရပ်တည်နိုင်ပေမယ့် ရာသီကုန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ကျော်ဖြတ် ဗိုလ်စွဲခဲ့ပါတယ်။
၂၀၀၇-၀၈ ရာသီမှာလည်း အာဆင်နယ်တို့ အဆင့်(၁)အဖြစ် (၁၅၆)ရက်ကြာ ရပ်တည်နိုင်ခဲ့ပေမယ့် ယူနိုက်တက် အသင်းကပဲ ရာသီကုန်မှာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်လိုပဲ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာက နယူးကာဆယ် (၁၉၉၅-၉၆၊ ၂၁၂ ရက်)နဲ့ ယူနိုက်တက် (၁၉၉၇-၉၈၊ ၁၈၇ ရက်)တို့ဖြစ်ပြီး ၁၉၉၅-၉၆ ရာသီကုန်မှာ ယူနိုက်တက် ဗိုလ်စွဲခဲ့သလို ၁၉၉၇-၉၈ ရာသီမှာတော့ အာဆင်နယ်ဗိုလ်စွဲခဲ့ပါတယ်။