အာဆင်နယ် ချန်ပီယံ မဖြစ်အောင် ရပ်တန့်နိုင်ခဲ့တဲ့ မန်စီးတီး အသင်းသား ဘယ်သူလဲ ပက် ဖော်ထုတ်
နည်းပြ ပက် ဂွာဒီယိုလာက ဒီရာသီ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်နိုင်ခြင်းဟာ အာဆင်နယ် တိုက်စစ်သမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ကို ရပ်တန့်နိုင်ခြင်းကြောင့်လို့ ဖော်ထုတ် လာခဲ့ပါတယ်။
အီတီဟက်မှာ မန်စီးတီးနဲ့ အာဆင်နယ် ထိပ်တိုက်တွေ့ခဲ့ချိန်မှာ နှစ်သင်းကြား ရမှတ် ၈ မှတ် ကွာဟနေခဲ့တာပါ။ ဒါပေမယ့်လို့ ဒီအပတ်မှာတော့ အာဆင်နယ်က ဖောရက်စ်ကို အရေးနိမ့်ခြင်းနဲ့အတူ လက်ကျန်ပွဲတွေ ရှိနေသေးပေမယ့် မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။
ချယ်ဆီးကို ၁-၀ ဖြင့် အနိုင်ရပြီး ဖလားအောင်မြင်ခဲ့ချိန်မှာ စီးတီးတို့ ပရီးမီးယားလိဂ် အနိုင်ရခြင်းဟာ ဖိုင်နယ်ပွဲလို့ နာမည်ကြီးခဲ့တဲ့ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲကို အနိုင်ရမှုကြောင့်လို့ ဂွာဒီယိုလာက ဆိုပါတယ်။
‘ နေသန် အကီက ကျနော်တို့အတွက် သိပ်ကို အခြေခံကျခဲ့ပါတယ်။ ဒီရာသီ ဆာကာ၊ ဗင်နီးဆီးယက်စ်၊ မာတင်နယ်လီ၊ ဆာလာတို့ကို ရင်ဆိုင်ကစားချိန်မှာ ကျနော် သင်ယူခဲ့ရတာက တစ်ဦးချင်းတွေမှာ ဒီကစားသမားတွေကို အနိုင်ယူဖို့အတွက် ခံစစ်သမား စစ်စစ်တွေ လိုပါတယ်။
ဒီတိုက်စစ်သမားတွေက လှုပ်ရှားမှု တစ်ချက်နဲ့တင် ကိုယ့်ကို အနိုင်ယူသွားနိုင်သူတွေပါ။ နေသန်က ဒီတိုက်စစ်သမားတွေ ကျနော်တို့ကို ကျော်ဖြတ်မသွားဖို့ရာ အင်အားကြီး ပေးခဲ့ပါတယ် ’ လို့ ဂွာဒီယိုလာက ရှင်းပြခဲ့ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်နောက် အတော်လေး ရမှတ် ပြတ်ကျန်တဲ့ အခိုက်အတန့် ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လ အီတီဟက်မှာ ၄-၁ နဲ့ အနိုင်ရပြီးတည်းက အခြေအနေတွေ ပြောင်းလဲသွားခဲ့တာပါ။
‘ လီဗာပူးလိုပဲ အာဆင်နယ်က ရမှတ် ၅၀ လောက်ထိ ဆက်တိုက်ယူခဲ့တယ်။ သူတို့ရဲ့ ရစ်သမ်ကို ဆက်ထိန်းနိုင်ရင် လိုက်မှီဖို့ မလွယ်ပါဘူး။ ကျနော်တို့က သူတို့ကို တွန်းအားပေးပြီး သူတို့ ရမှတ်တွေ လျော့လာမှာကို စိတ်ရှည်ရှည် စောင့်ခဲ့တယ်။ ကျနော်တို့ လုပ်နိုင်ခဲ့ပြီး အီတီဟက်က ပွဲအပြီးမှာ နှစ်သင်းကြား ရမှတ်တွေ နီးကပ်လာခဲ့တယ်။
ရမှတ် ၈ မှတ်လောက် ပြတ်နေတာမို့ အိမ်ကွင်းမှာ သူတို့ကို နိုင်ဖို့ လိုအပ်ချိန်မှာ နိုင်ခဲ့ပါတယ်။ ကျနော်တို့ နောက်ပိုင်းမှာလည်း နိုင်ပွဲတွေနဲ့အတူ အကောင်းဆုံး တုန့်ပြန်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ’ လို့ ဂွာဒီယိုလာက ပြောဆိုသွားတာ ဖြစ်ပါတယ်။
