မိုးပြာရောင် ညဝတ်အင်္ကျီ ဆင်တူဝတ်ပြီး မန်စီးတီးရဲ့ ချန်ပီယံ ပါတီပွဲကို ချစ်သူနဲ့ အတူ နွှဲခဲ့တဲ့ ဟာလန်း
တိုက်စစ်မှု ဟာလန်းဟာ မန်စီးတီးရဲ့ချန်ပီယံ ပါတီပွဲကို ချစ်သူကောင်မလေးဖြစ်တဲ့ အစ္စဘဲဂျိုဟာဆန်နဲ့ အင်္ကျီ ဆင်တူဝတ်ပြီး တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေက အီတီဟတ်မှာ ချဲလ်ဆီးကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲအပြီး ပရိသတ်တွေရှေ့မှောက် ချန်ပီယံဆု ဖလား ကိုင်မြှောက်ခဲ့ပြီးနောက် မန်စီးတီးကြယ်ပွင့်တွေဟာ ချန်ပီယံပါတီပွဲလုပ်ခဲ့တာပါ။
မန်ချက်စတာက private club တစ်ခုဖြစ်တဲ့ MNKy HSE မှာ ညဉ့်နက်ပိုင်းက အဲဒီပါတီပွဲကို မန်စီးတီး ကစားသမားတွေနဲ့ သူတို့ရဲ့လက်တွဲဖော်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီရာသီပရီးမီးယားလိဂ်မှာ စံချိန်တင် ၃၆ ဂိုးသွင်းထားတဲ့ ဟာလန်းနဲ့ သူ့ကောင်မလေးတို့ဟာ မိုးပြာရောင် ညဝတ်အင်္ကျီကို ဆင်တူ ဝတ်ပြီး ချန်ပီယံပါတီပွဲကို လာခဲ့ကြတာပါ။
ဟာလန်းကို သူ့ချစ်သူကောင်မလေးနဲ့ လူမြင်ကွင်းမှာ သိပ်တွေ့ရလေ့ မရှိပါဘူး။ နော်ဝေသားကိုယ်တိုင်ကလည်း သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ပတ်သက်ပြီး တော်ရုံဖွင့်ပြောလေ့မရှိသူ တစ်ယောက်ပါ။
အသက် ၁၉ နှစ်သာရှိသေးတဲ့ အစ္စဘဲလ်ကလည်း ဟာလန်းလိုပဲ ဘောလုံးသမားတစ်ယောက် ဖြစ်ပါတယ်။
နော်ဝေအသင်းတစ်သင်းဖြစ်တဲ့ ဘိန်းကလပ်မှာ ကစားနေတာဖြစ်ပြီး အဲဒီမှာပဲ ဟာလန်းနဲ့ စတင်ဆုံစည်းခဲ့တာပါ။ ဟာလန်းဟာ ဒေသခံအသင်းတစ်သင်းဖြစ်တဲ့ ဘိန်းကလပ်ကို အသက် ၅ နှစ်အရွယ်ကတည်းက ရောက်နေခဲ့ပြီး အဲဒီအကယ်ဒမီမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားပြီးမှ မိုလ်ဒီကို ပြောင်းသွားတာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ကလပ်အကယ်ဒမီမှာ အတူကြီးပြင်းခဲ့တာ ဖြစ်ပေမယ့် ဒေါ့မန်ကို ဟာလန်းရောက်တော့မှ စတင်ချစ်ကြိုးသွယ်ခဲ့တာပါ။
ဟာလန်းဟာ သူ့ချစ်သူမိန်ခလေးအဖြစ် ခေါင်းခေါက်ရွေးလို့ရတဲ့ အနေအထားမှာ ဇာတိမြို့က ငယ်ပေါင်းကြီးဖော်ဖြစ်ခဲ့တဲ့ အလှပဂေးလေးကိုသာ တွဲခဲ့တာ ဖြစ်ပါတယ်။