နာမည်ကြီးတွေ ရှင်းထုတ်တာတောင် ချန်ပီယံ ဖြစ်နေသေးတဲ့ မန်စီးတီးအား အံ့အားသင့်နေတဲ့ ရွိုင်ကိန်း

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဂျေးဆုနဲ့ ကန်ဆယ်လို တို့လို အဓိက ကစားသမားတွေကို ရှင်းထုတ်ခဲ့တာတောင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားခဲ့တဲ့ အပေါ် သရဲနီဟောင်းကြီး ရွိုင်ကိန်းက အံ့သြ ချီးကျူးနေပါတယ်။
စီးတီးဟာ ဒီ ၆ ရာသီ အတွက် ၅ ခုမြောက် အမှတ်ပေးဖလား ကို မနေ့က တနင်္ဂနွေနေ့က ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီး ကစားသမား ခေါ်ယူရေး အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေက ဒီနှစ်တွေ အတွင်း ချီးကျူးစရာ ဖြစ်လာနေပြီး ပြီးခဲ့တဲ့ နွေတုန်းက ဟာလန်းကို ခေါ်ယူခဲ့တာဟာ စီးတီး သွင်းဂိုးတွေ အတွက် သိသာတဲ့ တိုးတက်မှု ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် စီးတီးဟာ နာမည်ကြီး ကစားသမားတွေကို ပြိုင်ဘက် ကလပ်အသင်းတွေထံ ရောင်းချခဲ့သေးတာပါ။ စတာလင် က ချယ်ဆီး၊ ဂျေးဆုနဲ့ ဇင်ချန်ကို က အာဆင်နယ် အသင်းထံ အသီးသီး ရောက်သွားခဲ့ပါတယ်။ ကန်ဆယ်လို ကလည်း ဇန်နဝါရီမှာ ဘိုင်ယန်အသင်းထံ အငှားထွက်ခဲ့ပါတယ်။
ဒီလို ကြယ်ပွင့်တွေ လက်လွှတ်ရသည့်တိုင် အသင်းသားတွေရဲ့ အောင်နိုင်လို စိတ်နဲ့ ဆာလောင်မှုကို ဂွာဒီယိုလာ တစ်ယောက် ဆက်ထိန်းနိုင်တဲ့ အပေါ် ရွိုင်ကိန်းက အံ့သြချီးကျူးလာပါတယ်။
” သူတို့ရဲ့ ကစားသမား ခေါ်ယူရေး အဖွဲ့၊ ဂွာဒီယိုလာရဲ့ ကစားသမားတွေကို တွန်းအားပေးနိုင်တာတွေက စီးတီး အောင်မြင်ရတဲ့ အကြောင်းတွေပဲ။
ကစားသမား အစုအဖွဲ့ကြားမှာ ကြီးမားတဲ့ စိန်ခေါ်မှုက အမြဲ ရှိနေတာပဲ။ သူ့မှာ အလန်းစား ပုံစံအမျိုးစုံနဲ့ ကစားသမားတွေ အစုံ ရှိတယ်။
ဒီရာသီ အစောပိုင်းမှာ သူ ကစားသမား တော်တော် များများနဲ့ အဆင် မပြေတာ ရှိခဲ့တယ်။ ဂွာဒီယိုလာက ဒီဘရိုင်း၊ ဝေါ်ကာ၊ စတုန်းစ်၊ ကန်ဆယ်လို စတဲ့ ကစားသမားတွေနဲ့ အဆင် မပြေဘူး။ အဲဒီနောက် သူ ကန်ဆယ်လို ကို ရှင်းထုတ်တယ်။ ဂျေးဆု ကို ရောင်းတယ်။
သူ ဘာလုပ်နေသလဲ ဆိုတာ သူ သိတယ်။ ဒီလူက စဉ်ဆက်မပြတ် ဒါကို လုပ်နိုင်နေတယ်။ ဒါက တကယ့် ဂရိတ် တစ်ယောက်ရဲ့ လက္ခဏာပါပဲ။ ဆက်တိုက် အောင်မြင်နေဖို့။ ကစားပုံနဲ့ ဆာလောင်မှုကို ထိန်းထားနိုင်ဖို့။ သူ့ ပျော်ရွှင်မှုကို ကြည့်လိုက်ရင် အခုမှ ပထမဆုံး ဆုဖလား ရသလိုကို ဖြစ်နေတော့တာ။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။