ဂွာဒီယိုလာက ဖာဂူဆန် ထက် သာနေပြီ၊ GOAT နည်းပြ ဖြစ်နေပြီ လို့ ချီးကျူး ထောပမနာပြုမှုများ ထွက်ပေါ်

ပက် ဂွာဒီယိုလာ ဟာ ဒီ ၆နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့တဲ့နောက် ဆာအဲလက်စ် ဖာဂူဆန်ကို ကျော်ပြီး သမိုင်းတလျှောက် အကောင်းဆုံး နည်းပြဖြစ်သွားပြီလို့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျေမီရက်နပ်က အမွှန်းတင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဘိုင်ယန်နည်းပြဟောင်း ပက်ဂွာဒီယိုလာဟာ အခုဆိုရင် နည်းပြဘဝ ၁၄ ရာသီအတွင်း အမှတ်ပေးဖလား ၁၁လုံး ရရှိခဲ့ပြီဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ၃နှစ်ဆက် ပရီးမီးယားလိဂ်ဖလား ရခဲ့ဖူးတဲ့ နှစ်ဦးတည်းသော နည်းပြ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဆုဖလားတွေအတွက်တင် မဟုတ်ဘဲ ဂွာဒီယိုလာရဲ့ ကစားပုံဟာ မော်ဒန် ဘောလုံးလောကကို ပြောင်းလဲ ပေးခဲ့ခြင်း အတွက်ကြောင့် ဖလား၁၃လုံး ရထားတဲ့ ဖာဂူဆန်ထက် သာသွားပြီလို့ ရက်နပ်က ယုံကြည်နေတာဖြစ်ပါတယ်။

“ ဂွာဒီယိုလာက ထာဝရ အကောင်းဆုံးနည်းပြလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံး လောက ကို ပြောင်းလဲပေးခဲ့တာပါ။

ဘောလုံးမှာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြကောင်းတချို့ ရှိခဲ့ပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် အာရီဂို ဆက်ချီတို့၊ ယိုဟန် ခရိုက်ဖ်တို့လို ဘောလုံးလောကကို ပြောင်းလဲပေးခဲ့တဲ့ နည်းပြတွေထဲ ဂွာဒီယိုလာလည်း ပါတယ်။

အခုချိန် ဘောလုံးလောကကို ကြည့်လိုက်ရင် ဟိုးအောက်ဆုံးက အပျော်တမ်းလိဂ် ကလပ်တွေကအစ ပက်ရဲ့ နည်း အတိုင်း ကစားကြတယ်။ အနောက်ကနေစပြီး ကစားကွက်ဖော်တာမျိုး လုပ်လာကြတယ်။ သူက ပွဲအပေါ် လူတွေရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့တာပါ။

ကွင်းလယ်ကစားသမားတွေနဲ့ နောက်ခံလူတွေက မတူညီတဲ့ နေရာတွေကို ဝင်ကစားကြတယ်၊ ခံစစ်ကို ကွဲထွက်သွားအောင် လုပ်ရတယ်။ ကျွန်တော့်အတွက်တော့ သူက အမြဲတမ်းအကောင်းဆုံး နည်းပြပါပဲ။ သူက နည်းပြဘဝ ၁၄ နှစ်အတွင်း ပြည်တွင်းဖလား ၁၁လုံး၊ စုစုပေါင်း အဓိကဖလား ၂၈လုံး ရခဲ့တယ်။

ဆာအဲလက်စ် ဖာဂူဆန် (ယူနိုက်တက် နည်းပြဟောင်း)၊ ဘီလ်ရှန်ကလေ (လီဗာပူးနည်းပြဟောင်း) တို့လို အံ့ဩစရာ ကောင်းတဲ့ နည်းပြတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာကသာ ဘောလုံးလောကကို ထာဝရ ပြောင်းလဲစေခဲ့တာပါ ” လို့ ရက်နက်က မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဂွာဒီယိုလာဟာ ဘောလုံးကမ္ဘာရဲ့ GOAT နည်းပြလား ဆိုတဲ့ ချီးကျူးမှုတွေ များစွာ ပေါ်ထွက် လာနေခဲ့ပြီ ဖြစ်ပါတယ်။