ဘယ်လောက် ဖလား ရရ မပြည့်စုံနိုင် ဖြစ်နေသေးတဲ့ မန်စီးတီး ရဲ့ အမှန်တရားကို ထုတ်ပြောလာတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းအနေနဲ့ ပြီးပြည့်စုံတဲ့အောင်မြင်မှုကို ရရှိရန် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ လိုအပ်တယ်လို့ သုံးသပ်ခဲ့သလို ပရီးမီးယားလိဂ်သုံးကြိမ်ဆက် အောင်မြင်မှုအပေါ်လည်း အလေးပေးပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံး သုံးကြိမ်ဆက်အနိုင်ရရှိပြီးနောက် မန်စီးတီးကို ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင် မှသာ အကြီးကျယ်ဆုံးအသင်းတွေအနက် တစ်သင်းအဖြစ် သတ်မှတ်လိမ့်မယ်ဆိုတဲ့ အယူအဆတွေက မျှတမှု မရှိဘူးလို့ ပက်ဂွါဒီယိုလာက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ စပိန်သားနည်းပြက ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ယူကာ မန်စီးတီးနဲ့အတူ နောက်ဆုံး ၇ ရာသီအတွင်း ငါးကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ကျွန်တော့်မှာရှိနေတဲ့ ခံစားချက်က ပရီးမီးယားလိဂ်ချန်ပီယံ ငါးကြိမ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ရောက်ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ အကြိမ်ကြိမ် အနိုင်ရခဲ့တာပါ။

ဒါပေမယ့် မင်းလုပ်ဆောင်ခဲ့တဲ့အရာတွေအပေါ် အသိအမှတ်ပြုပေးဖို့ရာမှာ ချန်ပီယံလိဂ်ဆုဖလားအနိုင်ရရှိဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေက တရားမျှတမှု မရှိဘူးဆိုတာ ငြင်းလို့မရပါဘူး။ ချန်ပီယံလိဂ်ဖလားသာမရရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အသင်းက ပြီးပြည့်စုံမှုမရှိသေးဘူးဆိုတာ ကျွန်တော် သိပါတယ်။

တခါတလေ အခုလို ထုတ်ဖော်ပြောဆိုမှုတွေနဲ့ ယှဉ်ပြိုင်ကစားရတာ အရမ်းကောင်းပါတယ်။ ဒီတစ်ကြိမ် ချန်ပီယံလိဂ်ချန်ပီယံမဖြစ်ခဲ့ရင်လည်း နောက်တစ်ကြိမ် ကျွန်တော်တို့ ကြိုးစားပါလိမ်မယ်။ ကြိုးစားနေဖို့အတွက် ကျွန်တော်တို့ ရှိနေတာပါ”လို့ ပြောပါတယ်။

မန်စီးတီးက ဘရန့်ဖို့ဒ်နဲ့ကစားရမယ့် ရာသီပိတ်ပွဲစဉ် မတိုင်ခင် ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးညပိုင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ နောက်လထဲမှာမှ အင်တာမီလန် အသင်းနဲ့ ယှဉ်ပြိုင်ကာ ဗိုလ်လုရမှာ ဖြစ်ပါတယ်။