ဒီည ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်မှာ ပြိုင်ဘက် နည်းပြ ဒီဇာဘီအား အချိုတွေ ကျွေးနေတဲ့ ပက် ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကတော့ ဒီနေ့ည ဘရိုက်တန်နဲ့ ပွဲ မတိုင်ခင်မှာ ပြိုင်ဘက် နည်းပြ ဒီဇာဘီ အား အထူး ချီးကျူးစကားတွေ ဆိုရင်း အချိုကျွေးလိုက်ပြန်ပါတယ်။
ဘရိုက်တန်နည်းပြဒီဇာဘီကို နောက်ဆုံးနှစ် ၂၀ အတွင်း လွှမ်းမိုးမှုအရှိဆုံး နည်းပြတွေအနက် တစ်ဦးဖြစ်တယ်လို့ ဂွါဒီယိုလာက ချီးကျူးပြောဆိုလိုက်တာပါ။
မန်စီးတီးနဲ့အတူ နောက်ဆုံးခြောက်ရာသီအတွင်း ငါးကြိမ်မြောက်ပရီးမီးယားလိဂ်သရဖူဆောင်းနိုင်ခဲ့တဲ့ ပက်ဂွါဒီယိုလာက မတူညီတဲ့နိုင်ငံသုံးခုမှာ အမှတ်ပေးချန်ပီယံဆုကို ၁၁ ကြိမ်မြောက် ရရှိသူ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဂရေဟမ်ပေါ်တာ ထွက်ခွာသွားပြီးနောက်ပိုင်း ဘရိုက်တန် အသင်းကို အကောင်းဆုံးပဲ့ကိုင်ခဲ့သူ ဒီဇာဘီကပဲ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်သင့်တယ်လို့ အင်္ဂလန်ဘောလုံးလောကသားအချို့က ဆိုနေပါတယ်။
အသက်-၄၃ နှစ်အရွယ် အီတလီလူမျိုးနည်းပြလက်အောက်မှာ ဘရိုက်တန်က အသင်းသမိုင်းတလျှောက် ပထမဆုံး အကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ဒီဇာဘီက ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း လွှမ်းမိုးမှုအရှိဆုံး နည်းပြတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူတို့အသင်းကစားပုံမျိုးကို ဘယ်အသင်းမှ မကစားပါဘူး။ ဒါက ထူးခြားပါတယ်။ ပရီးမီးယားလိဂ်ဆီ ဒီဇာဘီရောက်ရှိလာချိန်မှာ သူ့ဆီက ရရှိလာမယ့် အကျိုးသက်ရောက်မှုက အရမ်းကောင်းလိမ့်မယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။
အချိန်တိုလေးအတွင်းမှာ သူ ဒီလောက်အထိ လုပ်ပြနိုင်မယ်လို့ ကျွန်တော် မထင်ထားမိဘူး။ ဘရိုက်တန်က ပွဲစဉ် တစ်ခုမှာ ဂိုးရရှိနိုင်မယ့်အခွင့်အရေး အကြိမ် ၂၀ (သို့) ၂၅ ကြိမ်လောက် ဖန်တီးနိုင်လို့ ဒါက ပြိုင်ဘက်အများစုထက် ပိုကောင်းပါတယ်။ သူတို့အသင်းက ဘောလုံးကို သွက်သွက်လက်လက်ကစားလေ့ ရှိပါတယ်။ ဘရိုက်တန်က သူတို့ရရှိထားတဲ့ အောင်မြင်မှုနဲ့ လုံးဝကို ထိုက်တန်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဒီဇာဘီလက်အောက် ဘရိုက်တန်အသင်းက ပြိုင်ဘက်တွေကို ထောင်ချောက်ဆင် ကစားပုံကောင်းမွန်ပြီး ဂွါဒီယိုလာကတော့ ဒီအချက်ကိုပဲ စိတ်ကြိုက်ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။
မန်စီးတီးနည်းပြက “ဘရိုက်တန်က လွတ်နေတဲ့အသင်းဖော်ဆီ ဘောလုံးပေးပို့မှုပုံစံမျိုးမှာ တကယ့်ကို မာစတာအဆင့်ပါ။ သူတို့က အချိန်ကိုက်လှုပ်ရှားပါတယ်။ ပြိုင်ဘက်က ကိုယ့်ဆီဘောလုံးလာမလုခင်အထိ ဘရိုက်တန်ရဲ့ဘောလုံးပေးပို့မှု မစတင်ပါဘူး။
ခင်ဗျားသာ ထိပ်တန်းအဆင့်ပုံစံမျိုးမှာ ရှိမနေဘူးဆိုရင် သူတို့လုပ်သမျှ ခံသွားရပါလိမ့်မယ်။ ကျွန်တော့်အတွက် သင်ယူလေ့လာချင်စရာ အကောင်းဆုံး အသင်းတွေအနက် တစ်သင်းလည်း ဖြစ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။