မန်စီးတီး ရင်ဆိုင်နေရတဲ့ အမှုတွေ ၂၄ နာရီအတွင်းတောင် ရှင်းချင်နေပြီ – ပက် ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ကလပ်ကို စွဲထားတဲ့ ပရီးမီးယားလိဂ် ဘဏ္ဍာရေး စွဲချက်ပေါင်း ၁၁၅ ခုကို အမြန်ဆုံး ဖြေရှင်းစေချင်တယ်လို့ ထုတ်ပြောလာပါတယ်။

ဖေဖော်ဝါရီတုန်းက စီးတီးဟာ ၂၀၀၉ကနေ ၂၀၁၈ အတွင်း လိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။ ၂၀၁၈ ဒီဇင်ဘာမှာ စုံစမ်းစစ်ဆေးမှု စတင်ကတည်းက သူတို့ဟာ ပူးပေါင်းမှုမရှိဘူး ဆိုပြီးတော့လည်း စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ဘဏ္ဍာရေးစွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး သူတို့ရဲ့ အပြစ်ကင်းမှုကို ပြသကာ ဒီကိစ္စကို တခါထဲ ဖြေရှင်း လိုက်ချင်နေတာ ဖြစ်ပါတယ်။

“ ပရီးမီးယားလိဂ်နဲ့ တရားသူကြီးတွေက တခုခုကို အမြန်ဆုံး လုပ်နိုင်ရင် ကောင်းမယ်။ ကျွန်တော်တို့ မဟုတ်တာ လုပ်ထားရင် လူတိုင်းသိကြမှာပါ။ ကျွန်တော်တို့ နည်းမှန်လမ်းမှန် လုပ်နေတာဆိုရင် လူတွေက ဒီအကြောင်းပြောတာ ရပ်သွားလိမ့်မယ်။

ဖြစ်နိုင်ရင် မနက်ဖြန်ပဲ အဖြေလိုချင်ပါတယ်။ မနက်ဖြန်ထက် ဒီနေ့ဆို ပိုကောင်းမှာပေါ့။ တရားသူကြီးတွေက နှစ်ဖက်လုံးကို ကြည့်မြင်ပြီးတော့ အကောင်းဆုံး ရလဒ်ကို ဆုံးဖြတ်နိုင်ပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ဘာတွေ အောင်မြင်ခဲ့တယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဘာသံသယမှ မရှိပါဘူး။

လုပ်ကြတာပေါ့။ ၂နှစ်လောက် စောင့်မနေပါနဲ့။ ဘာလို့ မြန်မြန်လေး မလုပ်နိုင်ရတာလဲ။ ၂၄ နာရီအတွင်း ရှေ့နေတွေနဲ့ တွေ့လိုက်ပါ။ လူတိုင်းရဲ့ အကျိုးအတွက် ဒါကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းကြမယ် ” လို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီးက ပြဿနာတွေကို မဖြေရှင်းနိုင်သေးတာနဲ့အတူ ဂွာဒီယိုလာက အသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ “ကျွန်တော်တို့ကို စွဲထားတဲ့ စွဲချက်တွေ ရှိနေသေးသလို နောက်ရာသီ မန်စီးတီး မှာ ကျွန်တော် ဆက်နေဦးမှာပဲ။ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ လုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ UEFA ရဲ့ FFP စည်းမျဉ်းတွေကို ချိုးဖောက်လို့ ဥရောပပြိုင်ပွဲကနေ ၂နှစ် ပိတ်ပင်ခံခဲ့ရပေမယ့် ၂၀၂၀ တုန်းက အားကစားခုံရုံးထံ အယူခံဝင်မှုကနေ ပြစ်ဒဏ်ကို ထုချေမှု အောင်မြင်ခဲ့ပါတယ်။ အဲ့တုန်းကတော့ စီးတီးဟာ စုံစမ်းစစ်ဆေးမှုကို တားဆီးပိတ်ပင်မှုအတွက် ငွေဒဏ်ပဲ ဆောင်ခဲ့ရတာဖြစ်ပါတယ်။