အနိုင်ဂိုး ဖြစ်မယ့် ဟာလန်းရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR ဒိုင် အား ပေါ်တင်ဖြဲနေတဲ့ ပက် ဂွာဒီယိုလာ

နည်းပြ ပက်ဂွါဒီယိုလာ က မနေ့ညက ဘရိုက်တန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းရဲ့ နောက်ကျ အနိုင်ဂိုး ဖြစ်နိုင်ခြေရှိတဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR ကို ဒေါသထွက် ပေါက်ကွဲခဲ့ပါတယ်။

မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့ညက အေးမက်စ်ကွင်းမှာ ဘရိုက်တန်နဲ့ ၁-၁ သရေကျခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဒီဇာဘီရဲ့ အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဖိုဒန်က မန်စီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အန်ဆီဆိုက ဘရိုက်တန်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အဲဒီကစပြီး အိမ်ရှင်တွေက အသာစီးရယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ပွဲကစားချိန် ၁၀ မိနစ်ကျော်ကျန်တော့တဲ့အချိန်မှာ ပြန်လည် ထိုးဖောက်လာခဲ့ပြီး ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက အနိုင်ဂိုးလို့ ထင်မြင်ခဲ့တဲ့ သွင်းဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR က ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးကို ကွင်းဘေးမော်နီတာမှာ သွင်းဂိုးကို ပြန်လည်စစ်ဆေးဖို့ အကြံပြုခဲ့ပြီးနောက် ဟာလန်းက နောက်ခံကစားသမား ကိုဝီလ်ရဲ့ ရှပ်ကို ဆွဲထားခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ကွင်းဘေးစည်းမှာ ဒေါသပေါက်ကွဲခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ စတုတ္ထဒိုင်ကို စောဒက တက်မှုကြောင့် အဝါကတ်ပြ သတိပေးခံခဲ့ရပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက ဆက်လက် စောဒကတက်ခဲ့ပြီး Sky Sports ကို“အဲဒါကို ကြည့်လိုက်။ အဲဒါက အပြစ်ဆိုရင် အာလင်းအတွက် လုပ်ဆောင်မှုတိုင်းက အပြစ်ဖြစ်နေမှာပဲ။ အဲဒါက အပြစ်ဆိုရင် ခံစစ်ကစားသမားတိုင်းက အဝေးဘောကို ရှင်းထုတ်တဲ့အချိန်တိုင်း ၂၅ ကြိမ်လောက် အပြစ်ရှိနေခဲ့မှာပါ။

အဲဒါက အပြစ်ဆိုရင် အချိန်တိုင်းက အပြစ်ပဲ။ လုပ်စမ်းပါ။ အဲဒါက ရယ်စရာကောင်းတယ်။ ဂိုး ခွင့်ပြုခြင်းမခံခဲ့ရတာ ရယ်စရာ ကောင်းတယ်။ ဒါပေမယ့် အဲဒါက အရေးမပါပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။