မန်စီးတီး ဖလား ၃ လုံး ရတာ မမြင်ချင်ရင် ကျွန်တော်တို့ တားဆီးရမှာပေါ့ လို့ ဘရူနို ဖာနန်ဒက်စ် စိန်ခေါ်

မနေ့ညက အိုးထရတ်ဖိုဒ့်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် မန်ယူနဲ့ ချယ်ဆီး ယှဉ်ပြိုင်တဲ့ ပွဲမှာ ကာဆီမီရို၊ မာရှယ်၊ ဖာနန်ဒက်စ်နဲ့ ရက်ဖိုဒ့်တို့ ဂိုးသွင်းနိုင်တာနဲ့အတူ မန်ချက်စတာ ယူနိုက်တက်က ၄-၁ ဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်စရာ ကုန်သွားတဲ့နောက် ဘောလုံးရာသီ နောက်ဆုံးအပတ်အတွင်း ယူနိုက်တက်ဟာ ဝင်ဘာလေမှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ရမှာပါ။
ဒါဟာ မြို့ခံ ပြိုင်ဘက်အသင်း မန်ချက်စတာ စီးတီးက တစ်ရာသီ ဆုဖလား ၃ လုံး ရယူသွားမှာကို မန်ယူအသင်း တားဆီးနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပါတယ်။
ဒီအတွက် မန်ယူ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က စီးတီး ဖလား ၃ လုံး ရတာမျိုး မဖြစ်အောင် တားဆီးမယ်လို့ ညက ချယ်ဆီးနဲ့ ပွဲအပြီးမှာ ကြုံးဝါးသွားခဲ့ပါတယ်။
‘ ဆုဖလား အနိုင်ယူဖို့က အရေးကြီးပါတယ်။ တစ်ယောက်ယောက်ထံက ဆုဖလား မရောက်ဖို့ ကျနော်တို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့ အက်ဖ်အေဖလား အနိုင်ရချင်ပါတယ်။
မန်စီးတီးအသင်း ဖလား ၃ လုံး မရတာမျိုး မြင်ချင်ရင် အက်ဖ်အေဖလားကို ကျွန်တော်တို့ ရအောင် အနိုင် ယူရမယ်ဆိုတာ ကောင်းကောင်း သိပါတယ် ‘ လို့ ဖာနန်ဒက်စ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ညက ချယ်ဆီးကို ဂိုးပြတ်နိုင်လိုက်တာကြောင့် မန်ယူရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ပြိုင်ဘက် အသင်း ဖြစ်တဲ့ လီဗာပူး ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အနီးကပ် ရိုက်ချနိုင်ခြင်းဟာ ပရိသတ်တွေကို ပီတိတွေဖြစ်စေမှာပဲ လို့လည်း ဖာနန်ဒက်စ်က ဆိုခဲ့ပါသေးတယ်။