မန်ယူကို လျှော့တွက်တဲ့ထဲမှာ သူ မပါဘူးလို့ ဆိုသွားတဲ့ ပက် ဂွာဒီယိုလာ
လာမယ့် ဇွန်လ ၃ ရက်နေ့မှာ အက်ဖ်အေဖလား သမိုင်းရဲ့ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲကို ဗိုလ်လုပွဲ အဖြစ် နွှဲကြရတော့မှာပါ။
မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ မန်ယူနည်းပြဘ၀ ပထမဆုံး အက်ဖ်အေဖလားကို အရယူချင်စိတ် ပြင်းပြနေသလို တစ်ဖက်မှာလည်း မန်စီးတီးရဲ့ ဆရာသမား ဂွါဒီယိုလာက ဖလား ၃ လုံးအိပ်မက်ကို အကောင်အထည် ဖော်ချင်စိတ် ထက်သန်နေပါတယ်။
လက်ရှိခြေစွမ်းပိုင်းအရ မန်ယူဟာ မန်စီးတီးကို တစ်ဦးချင်းရော အသင်းလိုက်ပါ ယှဉ်နိုင်စွမ်းမရှိဘူးလို့ ပြောနေကြတာ မျိုးတွေ ရှိပေမဲ့လည်း ဗိုလ်လုပွဲဆိုတာက တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးတာဖြစ်တဲ့ အတွက် ဘယ်သူမှ တပ်အပ် ပြောလို့တော့ မရပါဘူး။
ဒါကြောင့် ယူနိုက်တက်ကို လျှော့တွက်ထားတဲ့အထဲမှာ သူ မပါဘူးလို့ ပက် ဂွာဒီယိုလာ က ဘရန်ဖို့ဒ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ ပြောသွားခဲ့တာပါ။
” ဖလား ၂ လုံးကို အိတ်ကပ် ထဲထည့်ပြီး အီစတန်ဘူလ် (ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပမယ့် နေရာ) ကို သွားမယ့် လမ်းရောက်ရင်တော့ ဖလား ၃ လုံးဆိုတဲ့ ကိစ္စကို ကျွန်တော် စပြီး တွေးဖို့ရှိတယ်။
ကျွန်တော်တို့မှာ ရှိပြီးသား ဖလားတစ်လုံးထက် နောက်ထပ် တစ်ခု ရပြီဆိုရင်တော့ အဲဒါကို ကျွန်တော် ဝန်ခံမှာပါ။ ယူနိုက်တက်ကို ကြည့်။ နူးကမ့်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို သူတို့ အနိုင်ယူခဲ့တုန်းကဆိုရင် အဲဒါဟာ ဗြိတိန်ရဲ့ တစ်သက်မှာ တစ်ခါပဲ ဖြစ်သေးတာပါ။ ကျွန်တော် အဲဒီတုန်းက ကြည့်ခဲ့တယ်။
အဲဒီလို လုပ်ပြဖို့ဆိုတာ တော်တော်ခက်တယ်။ ကျွန်တော်တို့ လက်ကျန် ကစားရမယ့် ဗိုလ်လုပွဲ ၂ ရပ်စလုံးက တော်တော်ကို ရှုပ်ထွေးလွန်းတယ်။
ယူနိုက်တက်ကလည်း ဒါကို အရယူချင်မယ်ဆိုတာ ကျွန်တော် သိတာပေါ့။ အင်တာမီလန်ဆိုတာကလည်း အင်တာမီလန်ပဲလေ။ ဒါကြောင့် တစ်ဆင့်ချင်း သွားကြတာပေါ့” လို့ ဂွါဒီယိုလာက ဆိုပါတယ်။