မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တော့ ဂွာဒီယိုလာ ဆီ ဖုန်းဆက် ဂုဏ်ပြုခဲ့တဲ့ အာတီတာ

ဒီရာသီမှာ မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ပြီးနောက် အာတီတာဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ပက်ဂွာဒီယိုလာဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ဆိုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဟာ ဖောရက်ကို ၁-၀ နဲ့ ရှုံးနိမ့်ကာ စိတ်လှုပ်ရှားဖွယ်ရာ ဖလားပြိုင်ပွဲကို အဆုံးသတ်စေခဲ့တဲ့နောက် မန်စီးတီးဟာ ၃နှစ်ဆက် ဖလားကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ ဖြစ်မလာခင် မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ လုပ်ခဲ့တဲ့ အာတီတာဟာ သူ့ရဲ့ လက်တွဲဖော်ဟောင်းအပေါ် လေးစားမှုကို ဖော်ပြခဲ့ပြီး ဒီလိုအောင်မြင်မှုရဖို့ စီးတီးအသင်းသားတွေ လိုအပ်ခဲ့တဲ့ ကြိုးစားအားထုတ်မှု၊ အာရုံစူးစိုက် နစ်မြုပ်ထားမှုတွေကို အသိအမှတ် ပြုပေးခဲ့ပါတယ်။
“ သူနဲ့ အဖွဲ့ဝင်တွေကို ဂုဏ်ပြုစကားပြောဖို့ ကျွန်တော် သူ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ ဒီဖလားကို သူတို့က ပေါ့ပေါ့ပါးပါးနဲ့ ရခဲ့သလိုမျိုး လူတွေက ထင်နေပါတယ်။ တကယ်တော့ သူတို့က အရမ်းကြိုးစားထားရတာပါ။
သူတို့ ကြိုးစားခဲ့ရတဲ့ အချိန်နာရီတွေအားလုံး၊ သူတို့ဘယ်လောက်တောင် ခံစားခဲ့ရတယ်၊ ဘယ်လောက်တောင် စဉ်းစားတွေးတောခဲ့ရတယ်၊ သူတို့မှာရှိနေတဲ့ နိုင်ပွဲစိတ်ဓာတ်ကို အမြဲ မြင့်တင်ဖို့ ကြိုးစားခဲ့ရတာတွေကို အသိအမှတ် ပြုပေးရမှာပေါ့။ အဲ့အတွက် အဆုံးသတ်မှာ သူတို့ကို ဂုဏ်ပြုစကားပြောရမယ်။ အားကစားဆိုတာ ဒီလိုပဲ။
ဂွာဒီယိုလာက ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ သူ့ကို လေးစားရုံတင်မက အားကျရပါတယ်။ ဒီရာသီအတွင်း ကျွန်တော်တို့ လုပ်ခဲ့တဲ့ အကောင်းမြင်စရာ အရာတွေ၊ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့တာတွေ၊ သင်ခန်းစာတွေ အားလုံးကို ပိုကောင်းလာဖို့ တွန်းအားအနေနဲ့ ယူတတ်ရမယ် ” လို့ အာတီတာက ဆိုပါတယ်။
အာဆင်နယ်ဟာ ဇယားထိပ်မှာ စုစုပေါင်း ၂၄၈ ရက်ကြာ ရပ်တည်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ဖလားမရပဲ ဇယားထိပ်မှာ အကြာဆုံးနေနိုင်တဲ့ စံချိန်သစ်တစ်ခု ဖြစ်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ သူတို့ခြေစွမ်းတွေက ထိခိုက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။