မန်စီးတီးက ဖလား ၃ လုံး ရရင် ရှိတ် မန်ဆော် အသင်းကို ဝယ်ခဲ့တဲ့ တန်ကြေးထက်တောင် ဆုကြေး ပိုရမှာပါ

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ဆုဖလား ၃ လုံးတပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ပေါင် သန်း ၃၀၀ နီးပါး ရရှိမှာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပေါင်သန်း ၁၈၀ ရရှိခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ကို အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရမယ်ဆိုရင် နောက်ထပ် ပေါင် ၈ သန်း ရရှိမှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်မှာ အင်တာမီလန်နဲ့ ရင်ဆိုင်ကစားချိန်မှာ ချန်ပီယံလိဂ်ဖလားကို မန်ချက်စတာစီးတီးအတွက် ပထမဆုံးအကြိမ် ဆွတ်ခူးပေးနိုင်မယ်ဆိုရင် နောက်ထပ် ပေါင်သန်း ၁၁၀ ရရှိဦးမှာ ဖြစ်ပါတယ်။
အဲဒါက ဘောလုံးသမိုင်းတလျှောက်မှာ မြင်တွေ့ခဲ့ရဖူးတဲ့ ဆုကြေးတွေထဲမှာ အကြီးမားဆုံး ဆုကြေးဖြစ်လာမှာဖြစ်ပြီး အဲဒီလို ဖြစ်လာမယ်ဆိုရင် ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးကို တိုးတက်စေနိုင်မယ်လို့ ယုံကြည်တဲ့ ဘယ်လို ကစားသမားမျိုးကိုမဆို ခေါ်ယူရာမှာ မျက်နှာပန်းပွင့်စေမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးသာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့မယ်ဆိုရင် အသင်းပိုင်ရှင် ရှိတ်ခ် မန်ဆော်အနေနဲ့ ၂၀၀၈ ခုနှစ်တုန်းက မန်ချက်စတာအသင်းကို ဝယ်ယူခဲ့တဲ့ပမာဏဖြစ်တဲ့ ပေါင် ၂၆၅ သန်းထက်တောင် ပိုမိုတဲ့ ငွေကြေးပမာဏကို ရရှိမှာ ဖြစ်ပါတယ်။
ရှိတ်ခ် မန်ဆော်ဟာ ရင်သပ်ရှုမောဖွယ် လေ့ကျင့်ရေးကွင်း၊ အစ်တီဟတ်ကွင်းနဲ့ အရှေ့မန်ချက်စတာက ဧရိယာ ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ပေါင်သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ အစ်တီဟတ်ကွင်းကို လူ ၆ သောင်းဝင်ဆံ့တဲ့ ကွင်းအဖြစ် တိုးချဲ့ပြီး ပန်းခြံနဲ့ ဟိုတယ်တို့ကို တည်ဆောက်ဖို့အတွက် ပေါင်သန်း ၃၀၀ သုံးစွဲသွားမယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။