မန်ယူက မန်စီးတီးကို အနိုင်ကန်နိုင်တယ် ဆိုတာ ဇန်နဝါရီတုန်းက ပြခဲ့ပြီးပြီ လို့ FA ဖိုင်နယ်ပွဲ အတွက် တန်ဟက် စိန်ခေါ်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ကတော့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို အနိုင် ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ အိမ်ကွင်းနောက်ဆုံးပွဲအပြီးမှာ တန်ဟက်ဂျ်က သူ့ရဲ့ ကစားသမားတွေဟာ မန်စီးတီးကို အနိုင်ရဖို့ ဘာမဆိုပေးဆပ်ကြလိမ့်မယ်လို့ ပရိသတ်တွေကို ကွင်းအတွင်းကနေ ပြောဆိုသွားခဲ့တာပါ။
လာမယ့် စနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ဝင်ဘလေမှာ မန်ချက်စတာဒါဘီပွဲ ကစားကြမှာဖြစ်ပြီး မန်စီးတီးရဲ့ ဖလားသုံးလုံးအိပ်မက်ကို ယူနိုက်တက်တို့ ဟန့်တားရမှာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်က အောက်အသင်းအဖြစ်သတ်မှတ်ခံထားရကာ မန်စီးတီးက အနိုင်ရမယ်လို့ ရေပန်းစား နေတာလည်း ဖြစ်ပါတယ်။ မန်စီးတီးကတော့ အက်ဖ်အေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေအတွက် လူချန်ရင်း ပရီးမီးယားလိဂ်မှာ အရန်ကစားသမားတွေသာ ထည့်သွင်းကစားနေခဲ့ပါတယ်။
တန်ဟက် က “ဘောလုံးမှာ အခွင့်အရေးဆိုတာ အမြဲတမ်းရှိပါတယ်၊ ဇန်နဝါရီတုန်းက သူတို့ကို ငါတို့ အနိုင် ယူနိုင်တယ် ဆိုတာကို ပြသနိုင်ခဲ့ပြီးပြီ၊ မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း မန်စီးတီးကို အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့တယ်၊ ဒါကြောင့် ဒီကစားသမားတွေက သူတို့ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ကစားနိုင်တယ်ဆိုတာကို သိထားပြီးသားပါ”
“အကောင်းဆုံးအသင်းနဲ့ ငါတို့က ရင်ဆိုင်ရမယ်၊ ဒါပေကမယ့် အခွင့်အရေးတခုရှိနေပြီးတော့ အဲဒီအတွက် ငါတို့သွားကြမယ်၊ အရာရာကို ပေးဆပ်မယ်။
ပွဲအပြီးမှာ ကျနော့်အတွက် ဆင်ခြေဆိုတာမရှိဘူး၊ စနေနေ့မှာ ပွဲကောင်းတပွဲကစားနိုင်မယ်ဆိုတာ သေချာပါတယ်၊ ဒီကစာသမားတွေကလည်း မန်စီးတီးကိုအနိုင်ရဖို့ ဘာမဆိုပေးဆပ်ပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။
တန်ဟက် ရဲ့ ပြောဆိုမှုအပြီးမှာ ပရိသတ်တွေက ဩဘာဝိုင်းပေးခဲ့ကြပြီး ကစားသမားတွေကလည်း လက်ခုပ်တီး အားပေးခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ မန်စီးတီးကို အနိုင်ကစားနိုင်မလား၊ မန်စီးတီးကပဲ အနိုင်ရမလားဆိုတာ လာမယ့် စနေနေ့မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။