မော်ကြီး ဗျူဟာတွေ သုံးပြီး မန်စီးတီးကို အနိုင်ကစားဖို့ မန်ယူနည်းပြ တန်ဟက်အား ရွန်းနီ လမ်းပြနေ

မန်ယူ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကတော့ ယခုတစ်ခေါက် မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ တန်ဟတ် အနေနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်အတိုင်း အတုယူကစားသင့်ကြောင်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ လက်ရှိ အနေအထားကို သူတင်ကိုယ်တင် ကစားနိုင်ဖို့ မဖြစ်နိုင်မှန်း မန်ယူအသင်း ပရိသတ်တွေ ကိုယ်တိုင် ကြိုတင် တွက်ဆထားသလို ယခုတစ်ခေါက်မှာလည်း မော်ရင်ဟို ချဲလ်ဆီးကို စစချင်း ကိုင်တွယ်တုန်းက ကျင့်သုံးခဲ့တဲ့ ကောင်တာ တိုက်စစ်တွေနဲ့ စီးတီးကို အနိုင်ကစားဖို့ ရွန်းနီက အကြံပေးသွားခဲ့တာ ဖြစ်ပါတယ်။

ရွန်းနီက “ စီးတီးက ပွဲကို ကောင်းကောင်း ထိမ်းချုပ်နိုင်စွမ်းရှိပါတယ်၊ ဒီပွဲက တကယ်ကို ခက်ခဲမယ့်ပွဲတစ်ပွဲပါ၊ ကျွန်တော့် တစ်ဦးထဲ အမြင်အရပြောရရင် ဒီပွဲက အချိန်ပို ပင်နယ်တီအ ထိတောင် ရောက်ရှိသွားနိုင်ပြီး နောက်ဆုံး မှာတော့ အကြောင်း အမျိုးမျိုးကြောင့် ယူနိုက်တက် အနိုင်ရသွားနိုင်ပါတယ်။

ဒါပေမယ့် ဒါက ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒအပေါ် မူတည်ပြီး သုံးသပ်ကြည့်တာပါ၊ ယူနိုက်တက် အနေနဲ့ ဒီပွဲမှာ မော်ရင်ဟိုရဲ့ နည်းစနစ်တွေကို အတုယူကျင့်သုံးသင့်ပါတယ်၊ ”

“မော်ရင်ဟို ချဲလ်ဆီးကို စစကိုင်တွယ်တုန်းကဆိုရင် သူတို့အသင်းကို တော်တော်လေးကို ခက်ခက်ခဲခဲနဲ့ ကစားရတာပါ၊ သူတို့က ပြိုင်ဘက်ကို ဘောလုံးပေးကစားခိုင်းပြီး တန်ပြန်တိုက်စစ်တွေနဲ့ လိုအပ်တဲ့ သွင်းဂိုးတွေ ရယူသွားခဲ့တာပါ။

ဒါ့ကြောင့် ဒီတစ်ခေါက်ပွဲမှာ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမားတွေကို ကွင်းနောက်ဘက်ခြမ်းအထိ ဘောလုံးကို လိုက်ပါ ခုခံခိုင်းနေမယ့်အစား ကွင်းတစ်ဝက်လောက်ကနေပဲ စောင့်ထားခိုင်းပြီး လျှင်လျှင်မြန်မြန်နဲ့ သွင်းဂိုးတွေ သွင်းယူဖို့ ကြိုးစားသင့်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ပြိုင်ဘက် မန်ယူ အသင်းအပေါ် အထင်သေးခြင်း မရှိဘဲ မန်ယူ ကို လျှော့တွက်တဲ့ထဲမှာ သူ မပါဘူးလို့ ပွဲကြိုစကား ဆိုထားခဲ့ပါတယ်။