မန်စီးတီး ဂိုးသမား အီဒါဆင်ရဲ့ ထူးခြားတဲ့ အစွဲတစ်ခု၊ ဒါပဲ လုပ်လို့ ချန်ပီယံ ဖြစ်တာပါ ဆိုလာသူ

မန်စီးတီးဂိုးသမား အီဒါဆင်က သူ့မှာ ထူးခြားတဲ့အယူသည်းမှု အစွဲ တစ်ခုရှိပြီး အဲဒီယုံကြည်မှုကြောင့်ပဲ (၈)နှစ်အတွင်း အမှတ်ပေးဖလား(၇)ခုအထိ ရယူနိုင်တာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၂၉)နှစ် အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အီဒါဆင်ဟာ ၂၀၁၇ ခုနှစ်က ဘင်ဖီကာ အသင်းကနေ မန်စီးတီးကို ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်က ဂန္ထဝင်ဂိုးသမားကြီးဘူဖွန်ရဲ့နောက် ဒုတိယမြောက်ကြေးအကြီးဆုံး ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

မန်စီးတီးကို စရောက်တဲ့အချိန်ကစလို့ ဒီရာသီအထိ အီဒါဆင်က ရာသီတိုင်းမှာ ဖလားအောင်မြင်မှုရယူနိုင်ခဲ့ပြီး မကြာသေးခင်ကလည်း (၅)ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဂန္ထဝင်ဂိုးသမားပီတာရှမိုက်ကယ်နဲ့အတူ ချန်ပီယံ(၅)ကြိမ်အထိ ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်စီးတီးကို မရောက်ခင် ဘင်ဖီကာ ကစားသမားဘဝမှာလည်း အီဒါဆင်ဟာ ပေါ်တူဂီအမှတ်ပေး ဖလား(၂)ကြိမ် အပါအဝင် (၂)ရာသီအတွင်း ဆုဖလား(၄)ခုအထိ ရယူနိုင်ခဲ့ပါတယ်။

အီဒါဆင်ကတော့ သူ အခုလို ဆုဖလားအောင်မြင်မှုရယူနိုင်တာက ကိုယ့်ရဲ့အရည်အချင်း၊ အသင်းဖော်တွေရဲ့ ခြေစွမ်း၊ နည်းပြအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်ဆိုတာထက် သူ ယုံကြည်တဲ့ အယူသည်းမှုကြောင့်ဖြစ်တယ်လို့ ယူဆနေပါတယ်။

အီဒါဆင်ရဲ့ ထူးခြားတဲ့အယူသည်းမှုက တစ်ရာသီအတွင်း ပွဲတိုင်းမှာ အတွင်းခံဘောင်းဘီ တစ်ထည်တည်းကို ဆက်တိုက်ဝတ်ဆင်လေ့ရှိတာပါပဲ။ အဲဒါနဲ့ပတ်သက်ပြီး TNT Sports နဲ့ အင်တာဗျူးမှာ အီဒါဆင်က အခုလို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အီဒါဆင်က “ကျွန်တော့်မှာ ပွဲတိုင်း အတွင်းခံဘောင်းဘီကို မပြောင်းဘဲနဲ့ ဆက်တိုက်ဝတ်ဆင် ကစားလေ့ရှိတဲ့ အယူသည်းမှုတစ်ခုရှိပါတယ်။

အဲဒါက ဘင်ဖီကာအသင်းမှာ ကစားခဲ့ချိန်ကတည်းက ရှိခဲ့တာပါ။ ဘင်ဖီကာကစားသမားဘ၀ ပထမဆုံးရာသီမှာ ပွဲတိုင်းကို အတွင်းခံဘောင်းဘီ မပြောင်းဘဲဝတ်ဆင်ကစားခဲ့ပြီး ဖလားအောင်မြင်မှုရယူနိုင်ခဲ့တာကြောင့် ကျွန်တော့်အတွက် ယုံကြည်မှုတစ်ခုဖြစ်လာပါတယ်။

(၈)နှစ်အတွင်း အမှတ်ပေး ဖလား(၇)ကြိမ် ဆွတ်ခူးခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ အယူသည်းမှုက အလုပ်ဖြစ်နေဆဲပါပဲ”လို့ ရယ်မောပြီး ဖြေကြားခဲ့ပါတယ်။