မန်စီးတီးအသင်း FA ဖလားမြှောက် အောင်ပွဲခံတာကို စောင့်ကြည့်ခိုင်းခံခဲ့ရတဲ့ မန်ယူ အသင်းသားများ

မန်ယူ နည်းပြ အဲရစ်တန်ဟက်ဟာ နောက်တစ်ကြိမ်မှာ အနိုင်ယူဖို့ ပိုပြီး စိတ်ဓာတ်ပြင်းပြလာအောင်လုပ်ဖို့အတွက် မန်စီးတီးအသင်း အက်ဖ်အေဖလားယူတာကို သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေကို ကြည့်ခိုင်းခဲ့ပါတယ်။

ဝင်ဘာလေမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေဟာ စီးတီး အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်နဲ့ သူ့ရဲ့ မန်စီးတီးအသင်းသားတွေ အက်ဖ်အေဖလား ကိုင်မြှောက်အောင်ပွဲခံတာကို ထိုင်ကြည့်ဖို့ ဖိအားပေးခံခဲ့ရတာပါ။

နောက်တကြိမ် စီးတီးနဲ့တွေ့တဲ့အခါ အနိုင်ယူမယ်ဆိုပြီး ပိုမို စိတ်ဓာတ်ပြင်းပြသွားစေဖို့ မျှော်လင့်ချက်နဲ့ ယခု ရှုံးနိမ့်ရတဲ့ နာကျင်မှုကို မန်ယူနိုက်တက် ကစားသမားတွေ ခံစားစေချင်ခဲ့တာဖြစ်ကြောင်း တန်ဟက်က ပြောပြခဲ့ပါတယ်။

“လေးစားမှု ပြသတာဖြစ်သလို ဒါက လှုံ့ဆော်မှုတစ်ခုလဲ ဖြစ်တယ်။ ကိုယ့် ရင်ထဲ အသည်းထဲကနေ ဒါကို ခံစားရဖို့လိုတယ်။ နာကျင်ရတယ်လေ။ ဒါက ကျွန်တော့်တို့အသင်း၊ ကျွန်တော့်ကစားသမားတွေအတွက် လောင်စာတစ်ခုလို ဖြစ်ရမယ်။

စီးတီးက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရှုံးနိမ့်မှုကို နာကျင်ခံစားပြီးတော့ နောက်တဆင့်တက်နိုင်အောင် တွန်းအားအနေနဲ့ အသုံးချရမှာပါ” လို့ တန်ဟက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ မန်ယူကို ကျော်ဖြတ်ပြီး အက်ဖ်အေဖလား ရယူပြီးနောက် ဒီရာသီ ဒုတိယမြောက် ဆုဖလား ရခဲ့ပြီ ဖြစ်ကာ ဖလား ၃ လုံး အိပ်မက် အတွက် တတိယမြောက် ဆုဖလား အဖြစ် အင်တာမီလန်ကို ယှဉ်ပြိုင်ပြီး ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။