ကဲ.. ဖလား ၃ လုံး အကြောင်း အခု စ ပြောလို့ ရပါပြီ လို့ ပက် ဂွါဒီယိုလာ စတင် လမ်းဖွင့်ပေး

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ ဖလားသုံးလုံးအကြောင်း ပြောဖို့ အချိန်‌ရောက်လာပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ မနေ့ညက ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် အက်ဖ်အေဖလားနဲ့အတူ ဒီရာသီမှာ ဆုဖလားနှစ်လုံးအထိ ဆွတ်ခူးထားပြီးဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက ဆုဖလားသုံးလုံးအကြောင်းနဲ့ပတ်သက်လို့ ရေရေရာရာ ပြောကြားခဲ့ခြင်းမရှိပေမယ့် မနေ့ညကပွဲအပြီးမှာတော့ ပထမဆုံးအနေနဲ့ အသေအချာ ပြောကြားလာခဲ့တာပါ။

မန်စီးတီးဟာ လာမယ့်စနေနေ့ညမှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရရှိခဲ့ရင် တစ်ရာသီအတွင်း ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်တဲ့ စံချိန်ကို ရရှိမှာပါ။

ဂွါဒီယိုလာက “အခုချိန်က ဆုဖလားသုံးလုံးအကြောင်းကို ကျွန်တော်တို့ ပြောဆိုနိုင်တဲ့ ပထမဆုံး အချိန်ပါပဲ။ ယူနိုက်တက်ကို ရင်ဆိုင်ရတာက ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက် တကယ့်ကို ထူးခြားကောင်းမွန်ပါတယ်။

ကျွန်တော်တို့ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ တကယ်၊ တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော် ဒါကို အရမ်းကျေနပ်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက “ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလား (၅) ကြိမ်၊ အက်ဖ်အေဖလား (၂) ကြိမ်နဲ့ ကာရာဘောင်ဖလားတွေကို ရယူခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ လိုအပ်ပါသေးတယ်။ ဒါက တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့အရာပါ။ ကျွန်တော်တို့ သေချာပေါက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ အင်တာမီလန်ကိုသာ အနိုင်ရရှိခဲ့ရင် သူတို့အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် (၁၉၉၉) ခုနှစ်မှာ ယူနိုက်တက်တို့ ရရှိခဲ့တဲ့ ဥရောပဖလားအပါအဝင် တစ်ရာသီအတွင်း ဆုဖလား (၃) လုံး စံချိန်ကို ရယူနိုင်တဲ့ အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါလိမ့်မယ်။