အက်ဖ်အေ ချန်ပီယံ ဖြစ်ပြီးနောက် စီးတီးနဲ့ အနာဂတ် ကိစ္စ မေးခွန်းထုတ်ခံခဲ့ရတဲ့ ဂွမ်ဒိုဂန်

စီးတီး အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်ဟာ အက်ဖ်အေဖလားဖိုင်နယ်မှာ ၂ဂိုး သွင်းယူခဲ့ပြီးနောက် သူ့ရဲ့ မန်စီးတီး အနာဂတ်နဲ့ ပတ်သက်ပြီး ဖြေကြားမှု ပြုလုပ်လိုက်ပါတယ်။

ဂွမ်ဒိုဂန်ဟာ စီးတီးရဲ့ နိုင်ပွဲမှာ အဓိကကျခဲ့သူဖြစ်ပြီး ပွဲအစ ၁၃ စက္ကန့်မှာတင် အံ့ဩမှင်သက်ဖွယ် မြေမထိဘောနဲ့ အဖွင့်ဂိုးသွင်းယူသလို အဲ့ဒါဟာ အက်ဖ်အေဖလား ဖိုင်နယ်သမိုင်းတလျှောက်မှာ အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်တော့မှာပါ။

အဲ့ဒီ့နောက် ဘရူနိုဖာန်ဒက်စ်က ပင်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့ပြီးနောက်မှာ ဂွမ်ဒိုဂန်ကပဲ ဒုတိယ မြေမထိဘောနဲ့ အနိုင်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ စီးတီးဟာ နောက်အပတ် အင်တာနဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ကစားဖို့ ရှိနေသေးတာနဲ့အတူ ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

“ဝန်ခံရရင် ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုခံရဖို့၊ ထူးခြားမှုကို ခံစားရဖို့ ဒီလိုနေ့တွေကို မလိုအပ်ပါဘူး။ ကျွန်တော် သိပြီးသားပါ။ ဒါကြောင့်ပဲ ဒီမှာ ၇နှစ်တောင် ရှိနေခဲ့တာလေ။ အတက်အကျတွေအများကြီး ကြုံခဲ့ပြီးပြီ။ ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ဂွမ်ဒိုဂန်က ဆိုပါတယ်။

ပွဲအပြီးမှာ နည်းပြ ပက်ဂွာဒီယိုလာကလဲ ဂွမ်ဒိုဂန်ကို စာချုပ်သစ် ချုပ်စေချင်တဲ့အကြောင်း အတည်ပြုခဲ့ပြီး “အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်လဲ ဖြစ်စေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂွမ်ဒိုဂန်ရဲ့ စာချုပ်ဟာ ဇွန်လကုန်မှာ သက်တမ်းကုန်မှာဖြစ်ပြီး အေစီမီလန်၊ အာဆင်နယ် အပါအဝင် ကလပ်များစွာရဲ့ ချိတ်ဆက်မှုကို ခံနေရတာဖြစ်ပါတယ်။