FA ချန်ပီယံ ဖြစ်ပြီးတဲ့နောက် ဖလား ၃ လုံး အရယူဖို့ စိတ်အားထက်သန် ပြင်းပြနေတဲ့ ဟာလန်း

အက်ဖ်အေဖလား အောင်မြင်ပြီးနောက် မန်စီးတီး တိုက်စစ်မှုး ဟာလန်းဟာ သူ့ရဲ့ မန်စီးတီး အသင်းဖော်တွေထံ မက်ဆေ့တစ်ခုပေးပို့ခဲ့ပြီး နောက်အပတ်မှာ နောက်ထပ်တစ်ပွဲသာ အနိုင်ရဖို့ လိုတော့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂွမ်ဒိုဂန်ရဲ့ သွင်းဂိုး ၂ဂိုးကြောင့် ခါးသီးမြို့ခံပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီးနောက် ဟာလန်းက ရှင်းလင်းမြင်သာတဲ့ မက်ဆေ့ချ် တစ်ခုပေးခဲ့တာပါ။

ဂွမ်ဒိုဂန်၊ ဘာနာဒိုဆေးဗားတို့နဲ့အတူ အောင်ပွဲခံရင်းနဲ့ ဟာလန်းဟာ နောက်အပတ် ချန်ပီယံလိဂ်ဖိုင်နယ်ကို ရည်စူးပြီး ‘နောက်တစ်ပွဲပဲ.. နောက်တစ်ပွဲပဲ လိုတော့တယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၅မှတ်အသာနဲ့ အနိုင်ရခဲ့ပြီးတော့ အခုလဲ အက်ဖ်အေဖလားရရှိခဲ့တာကြောင့် သမိုင်းဝင်ဖို့ လက်တစ်ကမ်းသာ လိုတော့တာပါ။

သူတို့သာ နောက်တစ်ပတ် တူရကီမှာ အင်တာကို အနိုင်ရခဲ့ရင် ၁၉၉၉ ခုနှစ် ယူနိုက်တက်နောက်ပိုင်း ဖလားသုံးလုံရတဲ့ ပထမဆုံးအသင်း ဖြစ်လာမှာပါ။

သူတို့ဟာ အင်တာနဲ့ တခါမှ တကယ့်ပြိုင်ပွဲကို မကစားခဲ့ဖူးပေမယ့် စီးရီးအေကလပ်ဟာ ချန်ပီယံ နာပိုလီနဲ့ ၁၈ မှတ် အကွာ အဆင့် ၃ အဖြစ် ရာသီသိမ်းခဲ့သလို စီးတီးကတော့ ဥရောပဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုဖလားကို ကိုင်မြှောက်ဖို့ ယုံကြည်ချက် ရှိနေမှာ ဖြစ်ပါတယ်။