စီးတီး အပယ်ခံ ကန်ဆယ်လို ကို ခေါ်ယူရေး အတွက် အာဆင်နယ် စတင် ဆက်သွယ်ပါပြီ
အာဆင်နယ်ဟာ မန်ချက်စတာစီးတီးမှာ နေရာမရဖြစ်နေတဲ့ နောက်ခံတောင်ပံကစားသမား ဂျာအို ကန်ဆယ်လိုကို အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် ဆက်သွယ်ခဲ့တယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနို က ဖော်ထုတ်လာ ပါတယ်။
ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကို ဘိုင်ယန်မြူးနစ်အသင်းမှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး ရာသီနောက်ဆုံးနေ့ ဒေါ့မွန်အသင်းရဲ့ ခြေချော်မှုကြောင့် ၁၁ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားကို တူဟယ်ရဲ့အသင်းက ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ကန်ဆယ်လိုဟာ ဘွန်ဒက်စ်လီဂါမှာ ၁၁ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး Sky Sports ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီကြယ်ပွင့်ရဲ့ အငှားစာချုပ်ထဲမှာ ပေါင် ၆၁ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို ထည့်သွင်းခဲ့ပေမယ့်လည်း ဂျာမန်ဘီလူးကြီးက အဲဒီအချက်ကို အသက်မသွင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Mirror က မတ်လမှာ ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလမှာ ကန်ဆယ်လိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီး ကြယ်ပွင့်ရဲ့ လစာအပြည့်ကို ပေးချေသွားဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိဘူးလို့ မန်ချက်စတာ ညနေခင်း သတင်း က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ယခုနွေရာသီမှာ ကစားသမားကို အဲဒီပမာဏထက် ပိုမိုလျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးသွားဖွယ်ရှိနေပြီး အရင်တုန်းကလည်း ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်ကို ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းချခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်မှာလည်း အလုပ်လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
အာဆင်နယ်နည်းပြ အာတီတာရဲ့ မန်ချက်စတာစီးတီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ဒီအပြောင်းအရွှေ့တွေ ဖြစ်လာရတာ ဆိုရင် မှားမှာမဟုတ်ဘဲ မန်ချက်စတာစီးတီးက နောက်ထပ်တစ်ကြိမ် ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ သဘောတူဖွယ်ရှိပါတယ်။
“ကန်ဆယ်လိုအတွက် သူတို့တွေ စိတ်ဝင်စားနေပါတယ်။ ဟုတ်ပါတယ်။ သူတို့တွေ အဆက်အသွယ်အချို့ ပြုလုပ်ခဲ့ပြီး သူတို့တွေက အေးဂျင့်တွေနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ အဲဒီတော့ ကန်ဆယ်လိုကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေမှုတွေ ရှိခဲ့ပါတယ်”လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။
