သူ့ ကစားသမားဘဝ အောင်မြင်မှုကို ချန်ပီယံလိဂ်နဲ့ လာ မတိုင်းနဲ့လို့ ထူးခြားစွာ ပြောလိုက်တဲ့ ဒီဘရိုင်း

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ကတော့ နည်းပြဂွါဒီယိုလာနဲ့ မတူညီတဲ့ မှတ်ချက်မျိုးပေးရင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပွဲကြိုစကား ဆိုပါတယ်။
မန်ယူကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရပြီးတဲ့နောက် စီးတီး ဟာ ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ကာရာဘောင်ဖလားတွေ ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒီအတွက် မန်စီးတီးဟာ ဂုဏ်သိက္ခာမြင့်မားတဲ့ အောင်မြင်မှု တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပေမဲ့လည်း ကျက်သရေနဲ့ ပြည့်စုံတဲ့ အောင်မြင်မှုမျိုးကို လိုချင် တယ်ဆိုရင်တော့ ဥရောပမှာလည်း အောင်မြင်ရမယ်လို့ ဂွါဒီယိုလာက အရင် ပြောဆိုထားပါတယ်။
နောက်ပြီး အသင်းခေါင်းဆောင် ဂန်ဒိုဂန်၊ ရိုဒ ရီ၊ နေသန်အာကီတို့ဟာ ဆိုရင်လည်း နည်းပြရဲ့ စကားကိုနင်းပြီး မန်စီးတီး အနေနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမျိုး လုပ်ပြနိုင်မှပဲ ဥရောပမှာ လူရာဝင်တဲ့ အသင်းမျိုး ဖြစ်မယ်လို့ ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ ဘယ်လ်ဂျီယံသားဖြစ်တဲ့ ဒီဘရိုင်းကတော့ အဲဒီ ထင်မြင်ယူဆချက်အားလုံးနဲ့ ကွဲလွဲတဲ့ သဘောထားမျိုး ရှိနေပြီး မန်ချက်စတာကလပ်မှာ သူလုပ်ပြထားခဲ့တဲ့ သမိုင်းကြောင်းကတော့ လာမယ့် စနေနေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ အဖြေနဲ့ သက်ဆိုင် မှု လုံးဝမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောပါတယ်။
” ဒါက မေးတဲ့သူအပေါ်မှာပဲ မူတည်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းမှာရှိတဲ့ ကစားသမား အများစုဟာ အံ့အားသင့်စရာတွေ လုပ်ပြခဲ့ပြီးပြီ။ အဲဒါက အလုပ်ဖြစ်လားဆိုရင်တော့ အင်းပေါ့။
ဒါပေမဲ့ မိနစ် ၉၀ ဆိုတဲ့ အချိန်လေးက ကစားသမားဘ၀ တစ်သက်တာလုံးကို တန်ဖိုးဖြတ်လို့ မရဘူးလေ။ ကျွန်တော်က ပွဲ ၇၀၀ ဝန်းကျင် လောက် ကစားထားတာ။
ပွဲ ၇၀၀ လောက်ထဲကမှ မိနစ် ၉၀ ဆိုတဲ့ အချိန် အပိုင်းအခြားလေးက ကျွန်တော့်ကို တန်ဖိုးဖြတ်လို့ မရဘူးလေ။ ဒါကြီးက သိသာနေတာပဲဗျာ ” လို့ ဒီဘရိုင်းက သူ့ရဲ့အမြင်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပါ။
ဒါပေမဲ့ သူ့အနေနဲ့ အီစတန်ဘူမှာ ကစားမယ့်ပွဲမှာ အင်တာကို အနိုင်ယူပြီး မန်စီးတီးနဲ့အတူ ဖလား ၃ လုံးအိပ်မက်ကို အကောင်အထည် ဖော်ချင်တယ်လို့လည်း တစ်ဆက်တည်း ပြောသွားခဲ့ပါတယ်။
“ချန်ပီယံလိဂ်ကို ကျွန်တော် လိုချင်ပါတယ်။ ဖလား ၃ လုံးဆိုတာလည်း ကျွန်တော်လိုချင်တယ် ” လို့ ဒီဘရိုင်း က ပြောသွားခဲ့ပါတယ်။