မန်စီးတီးကို လူရှိန်အောင် ချန်ပီယံလိဂ် ရအောင် ကို ယူမယ် ကြုံးဝါးလာတဲ့ ပက် ဂွာဒီယိုလာ

အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ပြီးတဲ့နောက်မှာ မန်စီးတီး အသင်းဟာ ဒီရာသီ ဖလား ၂လုံး ရခဲ့ပြီ ဖြစ်ပြီး ဖလား ၃ လုံး အောင်နိုင်သူတွေ ဖြစ်ဖို့ လာမယ့် စနေနေ့မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်း ဘယ်လောက် ဖလားတွေ ဆက်တိုက် ရယူပြပါစေ ချန်ပီယံလိဂ် ဖလား မရဖူးသေးတာကြောင့် လူ မရှိန်သေးတဲ့ အပေါ် ပက် က စိတ်နာနေပုံ ရပြီး ဒီတကြိမ်တော့ မန်စီးတီးဟာ အားလုံး အသိအမှတ်ပြုမှု ရဖို့ ချန်ပီယံလိဂ် အရ ယူမယ် လို့ ပက် ဂွာဒီယိုလာက ကြုံးဝါး လိုက်ပါတယ်။

ဂွာဒီယိုလာ က ” ကျနေ်ာတို့ ဒီနှစ်တွေ အတွင်း လုပ်ဆောင်ခဲ့တာတွေ အတွက် ချီးကျူးမှုတွေက ခံရပါတယ်။ ကျနော်တို့ ဆုဖလားတွေ အများကြီး ယူ၊ အများကြီး လုပ်ခဲ့တာပါ။ ဒါပေမယ့် ကျနော်က ကစားသမားတွေကို ‘ မင်းတို့ ကိုယ့်ဘာသာ ကိုယ် ပြန် ဖိအားပေးရမယ်။ ဥရောပ ချန်ပီယံ ဖြစ်တာ လိုမျိုး အားလုံး တခဲနက် အသိအမှတ်ပြုတာမျိုး လုပ်မှာ ရမယ် ‘ လို့ ပြောထားတယ်။

လူတိုင်းလည်း သိကြပါတယ်။ ကျနော်တို့မှာ မယုံနိုင်စရာ ဘောလုံးရာသီ ကောင်းတွေ ပိုင်ဆိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် ၅ ကြိမ်၊ အက်ဖ်အေဖလား ၂ကြိမ်၊ ကာရာဘောင်း ဖလားတွေရော။ ဒါပေမယ့် အသင်းက ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု ရဖို့ ချန်ပီယံလိဂ် ကိုလည်း ရအောင် ယူမှ ဖြစ်မယ်။

ချန်ပီယံလိဂ် မရသေးရင် မပြည့်စုံဘူး ဆိုတာ ကျနေ်ာတို့ ဝန်ခံရပါလိမ့်မယ်။ ဒါက သိပ်ကို အံ့ဖွယ် ဖြစ်လာမှာ၊ ပျော်စရာ ကောင်းမှာ။ ကျနော်တို့မှာ လစ်လပ်နေတာ ရှိသေးတဲ့ အတွက် ဒါကို ရအောင် လုပ်ရမယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာ နည်းတူ မန်စီးတီး အသင်းသားတွေ ဖြစ်တဲ့ ဂွမ်ဒိုဂန်၊ ရိုဒရီနဲ့ အကီ တို့ကလည်း အကြာကြီး စောင့်နေခဲ့ရတဲ့ ချန်ပီယံလိဂ် ဖလားကို ဒီရာသီ အရ ယူမယ် လို့ အသီးသီး ပြောဆိုထားကြပါတယ်။