ချန်ပီယံလိဂ် ရရင် သမီးလေး တောင်းဆိုတာ လုပ်ပေးဖို့ ပြင်ထားတဲ့ စီးတီး ဂိုးသမား အီဒါဆန်
ဒီအပတ် စနေနေ့မှာ မန်စီးတီးအသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ် ဆိုရင် မန်ချက်စတာစီးတီးရဲ့ ကလပ် သမိုင်းမှာ ပထမဆုံးသော ဥရောပဖလား ဖြစ်လာမှာပါ။
ဒီရာသီ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား အောင်မြင်ခဲ့တဲ့ မန်စီးတီးဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် မှတ်ကျောက်တင်ခံနိုင်ဖို့ ချန်ပီယံလိဂ်ဖလားကို လိုအပ်နေတာ ဖြစ်ပါတယ်။
အစ္စတန်ဘူလ်မှာ အင်တာမီလန်ကို အနိုင်ရပြီး မန်စီးတီးတို့ ချန်ပီယံဖြစ်ခဲ့ရင် ဘာများလုပ်မလဲလို့ ဘရာဇီးသား ဂိုးသမားကို မေးမြန်းခဲ့ပါတယ်။
အီဒါဆန်ကပဲ “ ချန်ပီယံဖြစ်ခဲ့ရင် ဆံပင်ကို အပြာရောင် ဆိုးပေးဖို့ ကျနော့် သမီလေးက တောင်းဆိုထားပါတယ်။ ချန်ပီယံဖြစ်ရင် ဆံပင်ကို အပြာရောင် ဆိုးမှာပါ။ ဒါပေမယ့် ဆေးတကယ်ဆိုးတာမျိုး မဟုတ်ဘဲ ကလေးတွေဆော့တဲ့ စပရေးနဲ့ အဆိုးခံရမှာပါ ” လို့ ပြောပြခဲ့ပါတယ်။
ဒါဆိုရင် သူတစ်ယောက်ထဲ ဆိုးမှာလား မန်စီးတီး တစ်သင်းလုံး အပြာရောင် ဆိုးကြမှာလားလို့ မေးခံခဲ့ရတယ်။
ဒါကိုတော့ ” ကျနော် မသေချာပါဘူး။ မန်စီးတီးမှာ ကစားသမားတိုင်းက ဆံပင်ရှိတာ မဟုတ်ဘူးလေ ” လို့ အီဒါဆန်က ရယ်ရယ်မောမော တုန့်ပြန်ခဲ့ပါတယ်။
ဒီရာသီ ဖလား ၃ လုံးအောင်မြင်ခဲ့ရင် မန်စီးတီးဟာ ၁၉၉၈-၁၉၉၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်နောက်ပိုင်း တစ်ရာသီ ဖလား ၃ လုံးအောင်မြင်တဲ့ အင်္ဂလန်ကလပ် ဖြစ်လာမှာပါ။ ဒါကြောင့် သမိုင်းမှာ အကောင်းဆုံး အင်္ဂလန်ကလပ်တွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခံရဖို့ ရှိလာတာပဲ ဖြစ်ပါတယ်။
