ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ် ကို ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှု ရသွားပါပြီ
မန်ချက်စတာစီးတီးအသင်းကတော့ ချယ်ဆီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ် ကစားသမား မက်တီအို ကိုဗာဆစ်ကို ဒီနွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဘောလုံးရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်လာဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရတဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ဂွန်ဒိုဂန်ကို လက်လွတ်ရနိုင်မယ့် အခြေအနေမျိုး ရှိနေတဲ့အတွက် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာကိုယ်တိုင် ကိုဗာဆစ်ကို သဘောကျနေသူဖြစ်လို့ အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်မှုတွေ လုပ်ခဲ့ရာ လက်ရှိမှာတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ကိုဗာဆစ်ကိုယ်တိုင်ကလည်း မန်စီးတီးဆီကို ပြောင်းရွှေ့ကစားချင်နေပြီး ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စီးတီးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ရင်း လက်ရှိမှာတော့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ကတော့ စီးတီးက ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ဆင်နွဲပြီးတာနဲ့ ကိုဗာဆစ် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်ဆီးအသင်းနဲ့ တိုက်ရိုက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ချယ်ဆီးကလည်း ဒီနွေမှာ ကစားသမား အမြောက်အများကို ရောင်းထုတ်ရဖို့ အခြေအနေ ရှိနေတဲ့အတွက် ကိုဗာဆစ်ကိုပါ ထုတ်ရောင်းရဖို့ ရှိနေပြီး စီးတီးဘက်ကလည်း သူတို့ တကယ် လိုအပ်တဲ့ ကစားသမားမျိုး ဖြစ်နေရင် အရ ခေါ်ယူတတ်တာကြောင့် ဒီအပြောင်းအရွှေ့က သေချာပေါက် ဖြစ်ပေါ်လာဖို့ ရှိနေရပါတယ်။
အသက်(၂၉)နှစ်အရွယ်ရှိ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ ကိုဗာဆစ်ဟာ ၂၀၁၈ခုနှစ်ကမှ ရီးရဲလ် မက်ဒရစ်ကနေ ချယ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် ပရီးမီးယားလိဂ်မှာ (၅)ရာသီအထိ ကျင်လည်ထားခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။
