ချန်ပီယံလိဂ် ဖိုင်နယ် မတိုင်ခင် အသင်းသစ် ရှာတွေ့သွားပြီ ဖြစ်တဲ့ စီးတီး အသင်းခေါင်းဆောင် ဂန်ဒိုဂန်

မန်စီးတီး အသင်းခေါင်းဆောင် ဖြစ်တဲ့ ကွင်းလယ် ကစားသမားအိုင်ကေး ဂန်ဒိုဂန်ဟာ ယခုလအကုန်တွင် ကလပ်သစ်သို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂန်ဒိုဂန်ဟာ ၂၀၁၆ ခုနှစ်တွင် ဒေါ့မွန်မှ မန်စီးတီးသို့ ဂွါဒီယိုလာရဲ့ ပထမဆုံးခေါ်ယူတဲ့ ကစားသမားအဖြစ် ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ရောက်လာခဲ့သူ ဖြစ်ပါတယ်။

ယင်းနောက် သူဟာ ကလပ်ရဲ့အောင်မြင်မှုများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်အောင် အဓိက နေရာမှ စွမ်းဆောင်ပေးထားပါတယ်။

ဒါပေမဲ့ အိုင်ကေးဂန်ဒိုဂန်ဟာ စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့ ယခုလအကုန်မှာတော့ မန်စီးတီးမှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။

ယနေ့ ထွက်ပေါ်လာတဲ့ သတင်းများအရ ဂျာမန်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာသို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီ ဟာ အသက် ၃၂ နှစ်ရှိ ဂန်ဒိုဂန်ရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ ဘာစီလိုနာကွင်းလယ်မှာ ဖရန်ကီဒီယွန်၊ ဂါဗီ၊ ပီဒရိုတို့နှင့်အတူ ကစားလာတော့မှာ ဖြစ်ပါတယ်။

သူဟာ မန်စီးတီးတွင် ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိင်း ၂ ကြိမ်ဆွတ်ခူးထားပါတယ်။

ဂန်ဒိုဂန် ဟာ ကစားသမားဘဝတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ဖလားရရှိရေးအတွက် စနေနေ့ညတွင် အင်တာမီလန်နှင့် ရင်ဆိုင်ကစားရပါမယ်။

တကယ်လို့များ ချန်ပီယံလိဂ်ဖလားဆွတ်ခူးလာပါက မန်စီးတီးအနေဖြင့် ပထမဆုံးချန်ပီယံလိဂ်ဖလားရရှိလာမှာ ဖြစ်သလို ယူနိုက်တက်နောက်ပိုင်းတွင် တစ်ရာသီတည်း ပထမဆုံး ဖလား ၃ လုံးဆွတ်ခူးနိုင်တဲ့အသင်းဖြစ်လာပါမယ်။