ဒီည ဖိုင်နယ်မှာ မန်စီးတီးက အင်တာကို အသာစီး ရမယ့် အကြောင်းတရားက ရှိနေပြီလို့ ကွန်ပနီ အခိုင်အမာ ဆို
ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်မှာ မန်စီးတီးက ပြိုင်ဘက် အင်တာမီလန်ကို အသာစီးရမယ့် အကြောင်းတရားတွေ ရှိနေပါတယ်။
ဒါကိုတော့ မန်စီးတီး ကစားသမားဟောင်း ကွန်ပနီက ဖော်ထုတ်လာခဲ့တာပါ။ ဒီနှစ်တွေအတွင်း မန်စီးတီးဟာ ဖိုင်နယ်ပွဲ များစွာကို အနိုင်ရတဲ့ အသင်းဖြစ်လာနဲ့အတူ အဲ့ကရလာတဲ့ အတွေ့အကြုံတွေအရ ရင့်ကျက်တဲ့ အသင်း ဖြစ်လာနေပါပြီ။
ကွန်ပနီကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ပိုကောင်းတဲ့ အသင်းတစ်ခုအဖြစ် တည်ဆောက်ထားနိုင်တာမို့ အင်တာမီလန်ကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ကွန်ပနီက ပြောရာမှာ “ မန်စီးတီးက အများကြီး အောင်မြင်ထားတဲ့ အသင်းပါ။ ဒီတော့ သူတို့က အတော်လေးကို တည်ငြိမ်နေပါလိမ့်မယ်။ တစ်ရာသီလုံး သူတို့ လုပ်ထားသလိုပဲ ဖိုင်နယ်မှာ လုပ်ဆောင်သွားမှာပါ။
သူတို့ အိမ်ပြန်မယ်၊ ကလေးတွေနဲ့ ကစားမယ်၊ လေ့ကျင့်မယ် နောက်ပြီး ပြိုင်ဘက်ရဲ့ အခြေအနေကို အစည်းအဝေး ထိုင်ပါလိမ့်မယ်။ ပြီးရင်တော့ အခြားသော ပွဲတွေလို ရင်ဆိုင်ကစားဖို့ ဒီပွဲကို သွားရောက်မှာပါ။
ဖလားပွဲများစွာမှာ ဖိုင်နယ်အဆင့်ထံ ရောက်ခဲ့တာကြောင့် ဒါကို နောက်ထပ် ဖိုင်နယ်တစ်ပွဲ အဖြစ် သင်ယူနိုင်ခြင်းက မန်စီးတီးတို့ အသာစီးရစေမယ်လို့ ထင်ပါတယ်။ အခုချိန်မှာ သူတို့က ကြီးကြီးမားမား အသာစီးရနေပါပြီ။
မတူညီတဲ့ အသင်းတွေကို ရင်ဆိုင်ကစားဖို့အတွက် သူတို့မှာ ၆ နှစ် ၇ နှစ်လောက် စုဆောင်းလာတဲ့ ဗဟုသုတတွေ ရှိပါတယ်။ ကနဦးအစ ကာလတွေမှာ သူတို့ အသားမကျခဲ့ပေမယ့် အခုကတော့ သူတို့ဟာ မယုံနိုင်စရာ အခြေအနေတွေ ရှိနေခဲ့ပါပြီ ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
စနေနေ့ကပွဲကို အနိုင်ရမယ်ဆိုရင် မန်စီးတီးဟာ ကလပ်သမိုင်းမှာ ပထမဆုံးသော ချန်ပီယံလိဂ်ဖလား အနိုင်ရမှာဖြစ်သလို အင်္ဂလန်သမိုင်းမှာ အကောင်းဆုံးတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခံရမှာပဲ ဖြစ်ပါတယ်။
