သရဲနီဟောင်း ဖြစ်နေလို့ ဒီည မန်စီးတီးကို ပိုပြီး ရှယ်ကြိတ်ပြမယ် လို့ အင်တာ နောက်ခံလူ စိန်ခေါ်

မန်ယူ နောက်ခံလူဟောင်း ဖြစ်ပြီး လက်ရှိ အင်တာမီလန်အသင်းရဲ့ ဒါမီယန်က တစ်ချိန်က မန်ချက်စတာ ဒါဘီပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ မန်စီးတီးအသင်းရဲ့ ဖလား(၃)လုံးအိပ်မက်ကို ဖျက်ဆီးပစ်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်၊ FA ဖလားတွေကို ဆွတ်ခူးခဲ့ပြီး ၁၉၉၉ ဖလား(၃)လုံးချန်ပီယံ ယူနိုက်တက်ရဲ့ အောင်မြင်မှုကို အမီလိုက်နိုင်ဖို့ နောက်ဆုံး ဆုဖလားအဖြစ် အင်တာမီလန်ကို ကျော်ဖြတ်ပြီးတော့ ချန်ပီယံလိဂ် ဖလား ရယူနိုင်အောင် ကြိုးစားရမှာပါ။
အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဒါမီယန်ဟာ ဒတ်ချ်နည်းပြကြီး ဗန်ဟားလ်ရဲ့ ခေါ်ဆောင်မှုနဲ့အတူ ၂၀၁၅ ခုနှစ်မှာ တိုရီနိုအသင်းကနေ ပေါင်(၁၂.၇)သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး (၄)ရာသီအတွင်း (၉၂)ပွဲကစား၊ (၁)ဂိုးသွင်းခဲ့သလို FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားဘဝမှာ ဒါမီယန်ဟာ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီ (၄)ပွဲကစားခွင့်ရခဲ့ပြီး (၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
အခုလောလောဆယ် အင်တာမီလန်အသင်းမှာ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူ၊ မစ်ခီတာရီယန်၊ ဒါမီယန်တို့ကစားနေကြပြီး ၂၀၁၀ နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်အောင် ကြိုးစားရမှာပါ။
ဒါမီယန်က “ကျွန်တော်ဟာ ယူနိုက်တက် ကစားသမားဟောင်းဖြစ်တာကြောင့် လာမယ့်ပွဲအတွက် တခြား ကစားသမားတွေထက် စိတ်အား ထက်သန်မှု ပိုပြင်းထန်နေပါတယ်။
မန်စီးတီးလိုအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲက တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်သလို ကျွန်တော့်အတွက်တော့ ဒါဘီပွဲလို သဘောထားကစားသွားမှာပါ။
သူတို့အသင်းကို အနိုင်ယူဖို့ ကျွန်တော်တို့အသင်း အသင့်ရှိနေပြီး ကိုယ့်ကစားကွက်နဲ့ အကောင်းဆုံး ရင်ဆိုင် အနိုင်ယူသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်တော့ မလွယ်လောက်ပါဘူး။
သူတို့က လက်ရှိ ကမ္ဘာ့အကောင်းဆုံးကလပ်အဖြစ် သတ်မှတ်ခံထားရပေမယ့် ကျွန်တော်တို့ကလည်း အရည်အချင်း ရှိတဲ့ အသင်းဖြစ်သလို မန်စီးတီးကို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာ ပြသသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။