စီးတီးအား အင်တာဘက်က ဒုက္ခ အပေးနိုင်ဆုံး ဖြစ်မယ့် ကစားသမားတွေအား ဂွာဒီယိုလာ ရွေးထုတ်

ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာပဲ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူတို့ရဲ့ ပြိုင်ဘက် အင်တာမီလန် အသင်းမှာ အန္တာရယ် အကြီးဆုံး ကစားသမားတွေက ဘယ်သူတွေလဲ ဆိုတာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

ဂွာဒီယိုလာကတော့ လတ်တလောမှာ ချယ်ဆီးပစ်မှတ်ထားနေတဲ့ အင်တာမီလန် ဂိုးသမား အင်ဒရီ အိုနာနာ ကို အန္တာရယ် အကြီးဆုံး ပြိုင်ဘက် အသင်းသား အဖြစ် ရှုမြင်ထားသလို ခံစစ်မှုး ဘတ်စ်တိုနီကိုလည်း ထည့်သွင်း တွက်ချက်ထားပါတယ်။

ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာ ဟာ ပြီးခဲ့တဲ့နွေ က အေဂျက်ကနေ အင်တာမီလန် အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ပြထားတာပါ။ အင်တာမီလန် အသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ ကစားရမယ့် အစ္စတန်ဘူလ်မှာလည်း မန်စီးတီးကို ဟန့်တားဖို့ အိုနာနာ ကို အားထားရဦးမှာပါ။

ဖိုင်နယ်ပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ စီးတီးနည်းပြ ပက် ဂွာဒီယိုလာက အင်တာမီလန်မှာ အန္တာရယ် အကြီးဆုံး ကစားသမားက ဘယ်သူ ဖြစ်မလဲ မေးခွန်းထုတ်ခံခဲ့ရရာ အခုလို တုန့်ပြန်ခဲ့ပါတယ်။

” သူတို့ ကစားပုံ၊ high press နဲ့ ဆိုရင် အိုနာနာ က ကစားကွက် တည်ဖို့ ချွင်းချက်မရှိ ပြီးပြည့်စုံတဲ့ ကစားသမားပါ။ သူက တကယ်ကို တော်ပါတယ်။ ဒါ့အပြင် သူတို့ ကစားတဲ့ ပုံစံနဲ့ အတူ ဘယ်ခြမ်းမှာ ခံစစ်မှုး ဘတ်စ်တိုနီကလည်း လုံးဝ ကောင်းလွန်းေ်နတယ်။

သူတို့ရဲ့ တိုက်စစ်မှုးတွေနဲ့ ချိတ်ဆက်ပုံ၊ ဘောလုံး ပေးပို့နိုင်စွမ်းတွေက တကယ့် ကွာလတီတွေပဲ။ ဒီ အချိတ်အ ဆက်တွေ ကို ကျနေ်ာတို့ ဘယ်လို ကာကွယ် ဖြတ်တောက်ရမလဲ မသိသေးဘူး။ ဒါပေမယ့် ကြိုးစားရမှာပဲ။ ” လို့ ဂွာဒီယိုလာက တုန့်ပြန်ခဲ့တာပါ။

အင်တာမီလန်အသင်းရဲ့ အသက် ၂၇ နှစ် အရွယ် ဂိုးသမား အိုနာနာ ကို ချယ်ဆီး နည်းပြသစ် ပိုချက်တီနိုက အတော် သဘောကျနေတာ ဖြစ်ပြီး ဒီနွေမှာ ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်နေပါတယ်။