နောက်နှစ် ဗိုလ်လုပွဲ နေပါဦး၊ ရီးရဲလ်ရေ ငါတို့လာပြီ စတဲ့ အပျော်လွန် ပက် ရဲ့ တောရောက် တောင်ရောက် စကားများ
ချန်ပီယံလိဂ်ဖလား ရယူနိုင်မှုနဲ့အတူ မန်ချက်စတာ စီးတီးနဲ့ သမိုင်းဝင် ဖလား ၃ လုံး ရယူပြီးတဲ့ နောက် အပျော်တွေ လွန်ပြီး ရီးရဲလ်ကို မျက်ခွက်ပြောင်နေတဲ့ နည်းပြ ဂွါဒီယိုလာ ကို မြင်တွေ့ခဲ့ရပါတယ်။
အင်တာကို အနိုင်ရခဲ့တဲ့ ပွဲပြီးပြီးချင်းမှာပဲ မန်စီးတီးအသင်းပိုင်ရှင် အယ်လ်မူဘာရက်ဟာ နည်းပြဂွါဒီယိုလာကို မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး နောက်လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အကြောင်း ချက်ချင်းပြောခဲ့ပါတယ်။
ဒါပေမဲ့ စပိန်သားကတော့ ဒီစကားဟာ ဒီနေရာမျိုးမှာ ပြောသင့်တဲ့စကားမျိုးမဟုတ်ဘဲ ခဏလောက်တော့ အနားယူ ပါရစေဦးလို့ ပြန်ပြောခဲ့ပါတယ်။
” နောက်တစ်ခါထပ်ပြီး လုပ်ပြဖို့ ကျွန်တော့်ကို မပြောပါနဲ့ဦး။ ကျေးဇူးပြုပြီး နားချိန်လေးလည်း ပေးပါဦးနော်။ ကျွန်တော်ရဲ့ ဥက္ကဋ္ဌက သြော်– လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲက လန်ဒန်မှာပဲလို့ ပြောတယ်။
ကျွန်တော် ဘာမှ ပြန်မပြောခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ မသင့်တော်လို့ပါ။ အခုအချိန်က အောင်ပွဲခံရမယ့်အချိန်လေ” လို့ ဂွါဒီယိုလာက အင်တာမီလန်နဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ် ဖလားကို ၁၄ ကြိမ်ယူထားတဲ့ ရီးရဲလ်အသင်းကိုတော့ ဂွါဒီယိုလာက မျက်နှာပြောင်ပြီး အရွှန်းဖောက်သွားခဲ့ပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲလ်နဲ့ ဘိုင်ယန်ကို ဖြတ်ကျော်ခဲ့တဲ့အသင်းပါ။ ဒါကြောင့် ရီးရဲလ်ကို အမီလိုက်ဖို့ စီးတီးလာပြီလို့ ဂွါဒီယိုလာက အရွှန်းဖောက်ပါတယ်။
” ကျွန်တော်တို့ ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၃ ကြိမ်ပဲ ကွာပါတော့တယ်။ ၁၃ ကြိမ်ပဲနော်။ ဂရုစိုက် ပါ ရီးရဲလ်မက်ဒရစ်ရေ။ ဘာကြောင့်လဲဆိုတော့ ငါတို့က ပြေးလမ်းပေါ်ရောက်နေပြီ။
ခင်ဗျားတို့ နည်းနည်းလေး ငိုက်သွားတာနဲ့ ကျွန်တော်တို့ လိုက်မီတော့ မှာပါ” လို့ ဂွါဒီယိုလာက ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။
