နာမည်ကြီး ခရိုအေးရှား ကစားသမား ၂ဦးကို တပြိုင်နက်တည်း ခေါ်ဖို့ မန်စီးတီး လှုပ်ရှားနေပါပြီ

ဖလား ၃ လုံး ပိုင်ရှင် မန်ချက်စတာစီးတီးအသင်းဟာ မကြာခင် ဖွင့်လှစ်တော့မယ့် နွေဈေးကွက် အတွင်းမှာလည်း အသင်းအတွက် ခရိုအေးရှား ထိပ်တန်း ကစားသမား(၂)ဦးကိုပါ ထပ်မံ အားဖြည့်သွားဖွယ် ရှိနေပါတယ်။

ဒီကစားသမားတွေကတော့ ချယ်ဆီး ကွင်းလယ်လူ မက်တီအို ကိုဗာဆစ် နဲ့ လိုက်ပ်ဇစ် နောက်ခံလူ ယို့စ်ကို ဂဗာဒီယော်လ်တို့ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးအနေနဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို ခေါ်ယူနိုင်ဖို့က ကစားသမားနဲ့ သဘောတူညီမှုလည်း ရရှိထားခဲ့ပြီ ဖြစ်သလို ကစားသမားကလည်း စီးတီးကို ပြောင်းရွှေ့ချင်နေတာကြောင့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးသာ ဆက်လက် ညှိနှိုင်းရတော့မှာပဲ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ရင် ချယ်ဆီးကလည်း ကိုဗာဆစ်ကို ရောင်းချချင်တယ် ၊ ကိုဗာဆစ်ကလည်း စီးတီးဆီကို ပြောင်းချင်တယ် ဒီအခြေအနေတွေကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့ သေချာသလောက် အနေအထားလို့ ယူဆနိုင်ပါတယ်။

ကိုဗာဆစ်ကို ခေါ်ယူနိုင်ခဲ့ရင်လည်း ကိုဗာဆစ်ရဲ့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဗဟို ခံစစ် ကစားသမား ဂဗာဒီယော်လ်ကိုပါ မန်စီးတီးက ဆက်ခေါ်ချင်နေပါတယ်။

နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ခံစစ်ပိုင်းအတွက် ဂဗာဒီယော်လ်ကို အသင်းရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး လွန်ခဲ့တဲ့ နှစ်ကတည်းကပဲ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဈေးကွက်တိုင်းလိုလိုမှာ အသင်းရဲ့ key players ပေါင်းများစွာကို ဆုံးရှုံးနေရတဲ့ လိုက်ပ်ဇစ်က သူတို့ ကစားသမားအတွက် ခံစစ် ကစားသမားတွေအတွင်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးအထိ ကမ်းလှမ်းမှသာ လက်လွတ်ဖွယ် ရှိနေပါတယ်။

ကစားသမားကိုယ်တိုင်ကတော့ ဂွာဒီယိုလာလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြလက်အောက်မှာ ပါဝင် ကစားချင်နေပါတယ်။