ပက် ဂွာဒီယိုလာ မဖုံးနိုင် မဖိနိုင် သဘောကျ ချီးကျူးစကား တသသ ဆိုနေရတဲ့ ရှယ် ဂိုးသမား

ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်ခင်အချိန်နဲ့ ပွဲကစားပြီးချိန်တွေမှာလည်း မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အင်တာမီလန် ဂိုးသမား အိုနာနာရဲ့ အကြီးစားပရိသတ်တစ်ဦးဖြစ်တယ်ဆိုတဲ့အချက်ကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နွေရာသီ၊ အေဂျက်စ်မှ အင်တာမီလန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ကင်မရွန်းလက်ရွေးစင် ဂိုးသမားက နည်းပြအင်ဇာဂီ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာပါတယ်။

အိုနာနာက အခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ပွဲစဉ် ၇ ပွဲမှာ ၅ ပွဲအထိ ဂိုးမပေးခဲ့ရပါဘူး။ ဒါပေမယ့် ဂွါဒီယိုလာကတော့ အသက်-၂၇ နှစ်အရွယ် ဂိုးသမားရဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်းအပေါ် အတော်လေး ကျေနပ်အားရနေတာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)မှ စီစဉ်ပေးတဲ့ မန်စီးတီးမီဒီယာနေ့ အခမ်းအနားအတွင်း ပက်ဂွါဒီယိုလာက အိုနာနာအပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။

“နေရာလွတ်တွေ ရှာဖွေတာနဲ့ ကွင်းလယ်မှာဖြည့်ကစားနိုင်တာက စပါယ်ရှယ်စွမ်းဆောင်ရည်တစ်ခုပါ။ သာမန်အားဖြင့် အသင်းတိုင်းမှာ ဂိုးသမားကောင်းတွေ ရှိကြပေမယ့် အိုနာနာရဲ့ဘောလုံးကိုင်ကစားနိုင်စွမ်း ကတော့ တကယ့်ကို ပြောင်မြောက်လွန်းပါတယ်”လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး အင်တာဗျူးချိန်မှာလည်း မန်စီးတီးနည်းပြက အိုနာနာရဲ့စွမ်းဆောင်ရည် အပေါ် ချီးကျူးပြောဆိုခဲ့ပါသေးတယ်။

“ကယ်လ်ဟာနိုဂလူ၊ ဘာရယ်လာတို့နဲ့အတူ ဘယ်သူကို ဘောလုံးပေးပို့ရမလဲဆိုတာ ကောင်းကောင်းသိမြင်တက်တဲ့ အိုနာနာလို ဂိုးသမားမျိုးပိုင်ဆိုင်ထားရင် တိုက်စစ်မှူးတွေက ဘောလုံးကို ထိန်းသိမ်းပြီး ဘောလုံးနဲ့အတူ ရွေ့လျား ကစားနိုင်ပါလိ့မ်မယ်။ ဒီလိုမျိုးလုပ်နိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါမျိုး လုပ်လို့မရဘူးလို့ ဆိုလိုတာမဟုတ်ပေမယ့် ဒီလိုဂိုးသမားမျိုးမရှိရင် အဲ့ဒီလိုကစားပုံမျိုး ကစားဖို့ ခက်ခဲနေပါလိမ့်မယ်”လို့ ပက်ဂွါဒီယိုလာက ရှင်းပြပါတယ်။

လက်ရှိမှာတော့ စပိန်သားနည်းပြရဲ့ အိုနာနာအပေါ် သဘောကျကျေနပ်မှုတွေကြောင့် မန်စီးတီးအနေနဲ့ အခုနွေရာသီ ကာလအတွင်း ကင်မရွန်း ဂိုးသမားကို ခေါ်ယူဖို့ ကြိုးစားလာမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

တဖက်မှာလည်း အသက်-၂၉ အရွယ်ဂိုးသမား အီဒါဆန်က ကလပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

မန်စီးတီးရဲ့လိဂ်တူပြိုင်ဘက်ချဲလ်ဆီးကတော့ အင်တာမီလန်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။