မန်စီးတီး အောင်ပွဲခံတာ မကြည့်ဘဲ လှည့်ထွက်သွားခဲ့တဲ့ မန်ယူ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်

မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်လိုက်ချိန်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရပြီး ဆက်မကြည့်တော့ဘဲ ပစ်ထားခဲ့တယ်လို့ မန်ယူတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

ပြီးခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ၂-၁ ဂိုးနဲ့ ရှုံးပြီးကတည်းက မြို့ခံပြိုင်ဘက်အသင်းအပေါ် အစာ မကြေဖြစ်ခဲ့ရတဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ စီးတီးရဲ့ ချန်ပီယံလိဂ် အောင်ပွဲခံ အခမ်းအနား လုပ်နေချိန်မှာတော့ လုံးဝကို မကြည့်ဘဲ လှည့်ထွက် သွားခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ပြိုင်ဘက် အသင်းရဲ့ အခုလိုမျိုး ဝံ့ဝံ့ကြွားကြွား အောင်ပွဲခံပုံတွေဟာ သူ့အတွက်တော့ တွန်းအားတစ်ရပ် ဖြစ်စေပြီး လာမယ့် ဘောလုံးရာသီမှာ ပိုပြီး ကြိုးစားဖို့ အတွက် စိတ်ဓာတ်ခွန်အားတွေ ရလာတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး အသင်းဖြစ်ခဲ့တာ ကြောင့် အခုလိုမျိုး အောင်မြင်မှုနဲ့တော့ ထိုက်တန်မှုရှိတယ်လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။

” သူတို့က ထိုက်တန်ပါတယ်။ ဒီနှစ်မှာ သူတို့က အကောင်းဆုံး ကစားနိုင်ခဲ့ကြတာပါ။ ကွင်းထဲမှာ ပြောနေကြတာတွေက ပြီးသွားပြီ။ သူတို့ တကယ် ကောင်းခဲ့ကြတာပါ။

ဘောလုံးပွဲတွေကြည့်နေရတာကို ကျွန်တော် ကြိုက်တယ်။ ပွဲကောင်းတွေ ကြည့်ရတာကို ကျွန်တော် ကြိုက်တယ်။ ကျွန်တော်လုပ်ခဲ့တာ အဲဒါပဲ။

ဒါပေမဲ့ သူတို့ အခုလို ရသွားတော့ အောင်ပွဲခံတာကို ကျွန်တော် မကြည့်ချင်တော့ဘူး။ သူတို့အားလုံးက တကယ် ကောင်းကြတဲ့ ကစားသမားတွေပါ။ အင်္ဂလန်အသင်းကို အတောင့်တင်းဆုံးလူစာရင်း ဖြစ် စေချင်တယ်ဆိုရင်တော့ သူတို့ကို ကျွန်တော်တို့ လိုအပ်ပါတယ်။

ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ထူးဆန်းတာက ဖလား ၃ လုံးကို ရသွားအောင် စီမံခန့်ခွဲခဲ့တာပါ။ လိုက်မှီဖို့ အတွက် ကြိုးစားနေတာ ကျွန်တော်တို့တင် မဟုတ်ပါဘူး။ တခြားအသင်းတွေလည်း အများကြီးပါပဲ။ စိတ်ပျက် အားငယ်နေလို့ မရဘူး။

ဒါကို ကျွန်တော်တို့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ အကောင်းဆုံး လုပ်ရမှာ။ ” လို့ ရက်ရှ်ဖို့ဒ်က မြို့ခံပြိုင်ဘက် စီးတီးရဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။