ခုခေတ် လူငယ်တွေလို မဟုတ်ဘဲ ထူးထူးခြားခြား ဝါသနာမျိုး ရှိနေတဲ့ ဖီးလ် ဖိုဒန်

အင်္ဂလန်ကြယ်ပွင့်နှင့် မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား ဖိုဒန်က ဘောလုံးအပြင် သူအကြိုက်ဆုံး ဝါသနာတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီး ဒါဟာ အားလုံးမျှော်လင့်ထားသလို မဟုတ်ခဲ့ပါဘူး။ အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖိုဒန်ဟာ လွန်ခဲ့သည့် ခြောက်နှစ် ပွဲဦးထွက်ကစားပြီးကတည်းက ဂွာဒီယိုလာ၏ အသင်းတွင် ပုံမှန်နေရာရနေခဲ့သူဖြစ်ပါတယ်။

ပြီးတော့ သူက မန်စီးတီးကို အင်္ဂလန်မှာ ဒုတိယမြောက် ဖလားသုံးလုံး ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူသည် ပရီးမီးယားလိဂ်ဖလားငါးကြိမ်၊ လိဂ်ဖလားလေးကြိမ်၊ အက်ဖ်အေ ဖလားနှစ်ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလားများ အပါအဝင် ဆုတံဆိပ်များစွာကို စုဆောင်းထားပြီးဖြစ်ပါတယ်။

ဖိုဒန်ဟာ ၎င်းရဲ့တစ်ဦးချင်း စွမ်းဆောင်မှုများအတွက် PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဖိုဒန် က သူ့ရဲ့အားလပ်ချိန်တွေမှာ တက်တက်ကြွကြွနေတတ်သူတော့ မဟုတ်ပါဘူး။ ဘောလုံးအပြင်သူအကြိုက်ဆုံး အားကစားက ငါးမျှားခြင်းဖြစ်ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ဖိုဒန်က “ကျွန်တော်က တစ်ခြားသူတွေလိုမဟုတ်ပဲ ငါးမျှားတာကို ကြိုက်တယ်၊ ဒါကို လူတွေ သိလာတဲ့အခါ ဘာလို့ ထူးထူးခြားခြာား ငါးမျှားတာကို ဝါသနာပါတာလဲလို့ပြောကြပါတယ်။

ကျွန်တော့်ရဲ့ပျော်ရွှင်မှုကို သူတို့နားမလည်ဘူး။ ဘောလုံးကစားတာကနေ အနားယူတဲ့အခါ ဒါက ကျွန်တော့်အတွက် အကောင်းဆုံးဝါသနာလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဖိုဒန်၏ ဖခင်သည် ငယ်ရွယ်စဉ်ကတည်းက အားကစားကို ဝါသနာပါလာသောကြောင့် ၎င်းသည် ဖခင်ဖြစ်သူနှင့်အတူ ငါးဖမ်းခရီးစဉ်အတွက် ယူကေနှင့် စပိန်တို့ကို ပုံမှန်ခရီးထွက်နေကြဖြစ်ပါတယ်။ တောင်ပံကစားသမားက သူ့အဖေနဲ့အတူ အကြိုစီစဉ်ထားတဲ့ ခရီးကိုသွားနိုင်ဖို့ မန်စီးတီးရဲ့ ၂၀၁၈ ပရီးမီးယားလိဂ်ဖလားကို လွဲချော်ခဲ့တယ်လို့တောင် ဝန်ခံခဲ့ပါတယ်။

ဖိုဒန်က သူ့ ဝါသနာကို ဆက်လုပ်ချင်တဲ့အပြင် အဖေနဲ့ အတူ ကုန်ဆုံးရတဲ့ အချိန်တွေကလည်း သူ့အတွက် အကောင်းဆုံး အချိန်တွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။