မန်စီးတီး ကစားသမားတွေ အလွန်အကျွံအောင်ပွဲမခံဖို့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ပြော
၂၀၂၂-၂၃ ဘောလုံးရာသီမှာ သမိုင်းဝင် ဖလား၃လုံးရပြီး မန်စီးတီးဟာ ၃ရက်ကြာ ပါတီပွဲလုပ်ခဲ့တဲ့နောက် အောင်ပွဲခံတာတွေနဲ့ ပတ်သက်ရင် မကျော်ရမယ့် စည်းတစ်ခုရှိတယ်လို့ အင်္ဂလန် နည်းပြ ဂါရတ်ဆောက်ဂိတ်က သူ့ကစားသမားတွေကို သတိပေးခဲ့ပါတယ်။
သောကြာနေ့ မော်လ်တာနဲ့ပွဲမှာ မန်စီးတီးကစားသမားတွေကို အနားပေးသွားမယ့် ဆောက်ဂိတ်ဟာ ပါတီတွေလုပ်တာကို မဝေဖန်ခဲ့ပေမယ့် စည်းတော့မကျော်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
“စည်း တစ်ခု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တိူ့ခေါင်းထဲမှာ ဒီပွဲအတွက် စီးတီးကစားသမားတွေကို ပါခိုင်းဖို့ မစဉ်းစားခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီလိုအခြေအနေမျိူး သုံးလေးကြိမ်လောက် ကြုံခဲ့ဖူးပါတယ်။
အရေးကြီးပွဲစဉ်က ကစားသမားတွေဆီက အားတွေအကုန်လုံးကို ယူသွားတာပါ။ အဲ့တော့ သူတို့အားပြန်ဖြည့်ဖို့လိုတယ်၊ အနားယူရမယ်။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားရမယ်။ ကျွန်တော်တို့က သူတို့ကို အဆင်သင့် ဖြစ်စေချင်ပါတယ်” လို့ နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
မော်လ်တာနဲ့ပွဲမှာ ထရန့်အလက်ဇန္ဒားအာနိုးဟာ ၂၀၂၁ စက်တင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွင်းလယ်မှာ ပါဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။