ရလုနီး ဂါဗာဒီယိုနဲ့ ကိုဗာဆစ်၊ ဘာနာဒို အတွက် ကစားသမား အလိုက် ရလိုခြင်းနဲ့ မန်စီးတီး အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးဟာ ခံစစ်မှူး ဂါဗာဒီယိုကို ခေါ်ယူရေး ကစားသမားဘက်နဲ့ အတော်လေး အဆင်ပြေနေပါပြီ။ အေးဂျင့် ဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ လိုက်ဇစ်ကတော့ ခရိုအေးရှားသားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရမှ ရောင်းထုတ်သွားမှာပါ။
ကိုဗာဆစ်အတွက် စီးတီးနဲ့ ချယ်ဆီးတို့ တိုက်ရိုက် စကားပြောနေပြီဖြစ်ကာ အပြောင်းအရွှေ့ ဖြစ်မြောက် လာဖွယ် ရှိနေပါပြီ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကတော့ လွန်ခဲ့တဲ့ ၁၀ ရက်တည်းက ရထားပြီ ဖြစ်ပါတယ်။
မန်စီးတီး နောက်ခံလူ ကိုင်ဝေါ်ကာဟာ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ဖို့ ကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ဝေါ်ကာ အပြောင်းအရွေ့ အတွက် ဆွေးနွေးမှုတွေဟာ အပြီးသတ်သည်ထိ မဖြစ်သေးဘဲ ဖြေရှင်းစရာ အချက်အလက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် လက်ရွေးစင်ဟာ တစ်ရာသီအတွင်း ဖလား ၃ လုံး ဆွတ်ခူးခဲ့တဲ့ မန်စီးတီး ကနေ ထွက်ခွာဖို့ များနေတာတော့ သေချာနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်လူ ဘာနာဒို ကို ခေါ်ယူရေးအတွက် ပုဂ္ဂိုလ်ရေး စကားပြောမှု ပြုလုပ်နေပါပြီ။ သူဟာ ဒီနွေမှာ ပြင်သစ်ကလပ် ခေါ်ယူလိုတဲ့ ကစားသမားတွေထဲ ထိပ်ဆုံးက ပါဝင်နေခြင်းဖြစ်ကာ မန်စီးတီးနဲ့ သဘောတူညီမှုတော့ မရသေးပါဘူး။
မန်စီးတီးကတော့ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားအတွက် အနည်းဆုံး ပေါင် သန်း ၇၀ အထိ အလိုရှိနေသလို ပီအက်စ်ဂျီအသင်းထံမှ တောင်ပံကြယ်ပွင့် ကစားသမားလေး အမ်မရီကိုပါ ပြန်လည် ခေါ်ယူဖို့ အလိုရှိနေကြောင်း သိရပါတယ်။
လာမယ့် 2023-24 ဘောလုံးရာသီအတွက် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာခဲ့တဲ့နောက် စူပါ ကွန်ပျူတာ ကတော့ နောက်ရာသီ ချန်ပီယံကလည်း မန်စီးတီးပဲလို့ တွက်ချက် ခန့်မှန်းပေးသွားခဲ့ပါတယ်။