မိနစ် ၆ဝ လောက်နဲ့ အားကုန်သွားလို့ လူစားလဲဖို့ တောင်းဆိုခဲ့ရတဲ့ ဟာလန်း၊ နော်ဝေအသင်းလည်း ရှုံးပွဲတွေ့

ယူရို ခြေစစ်ပွဲ အဖြစ် မနေ့ညက နော်ဝေနဲ့ စကော့တလန်တို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဧည့်သည် အသင်း စကော့တလန်က ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

နော်ဝေအသင်းရဲ့ အိမ်ကွင်းမှာ စကော့တလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအတွင်း မန်စီးတီးနဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ကွင်းထဲကနေ ထွက်ခွာခဲ့ရသလို သူ့အနေနဲ့ ဆက်ပြီး မကစားနိုင်ခဲ့လို့ဖြစ်တယ်လို့ နော်ဝေ နည်းပြ ဆိုလ်ဘက်ကန်က ရှင်းပြခဲ့ပါတယ်။

ဟာလန်းဟာ ဒုတိယပိုင်းမှာ ပင်နယ်တီနဲ့အတူ နော်ဝေအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၄မိနစ်မှာ လူစားလဲလိုက်ပြီးတဲ့နောက် အရံခုံကနေ ထိုင်ကြည့်နေချိန် စကော့တလန်ဘက်က ချေပဂိုးရော အနိုင်ဂိုးပါ ပြန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

နော်ဝေအသင်း ဟာ နောက်ကျချေပဂိုးရဖို့ အသည်းအသန်ကြိုးစားခဲ့ပေမယ့် စကော့တလန်က တင်းတင်း ကြပ်ကြပ် ပိတ်ဆို့ထားခဲ့သလို အဓိက တိုက်စစ်မှူးလဲမရှိတော့တာကြောင့် နော်ဝေအသင်းဟာ ဧည့်သည် အသင်းရဲ့ ခံစစ်ကို မချိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းကို လူစားလဲလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နည်းပြ ဆိုလ်ဘက်ကန်က

“သူက လူစားလဲဖို့ တောင်းဆိုခဲ့တာပါ။ ဒါတောင်သူ့ကို ကွင်းထဲမှာ ၁၀မိနစ်လောက် ပိုကြာကြာ နေခိုင်းခဲ့တာ။ နောက်ဆုံး မိနစ် အနည်းငယ်အတွင်း သူကွင်းထဲမှာရှိနေခဲ့ပေမယ့်လဲ ကျွန်တော်တို့က တစ်ယောက်လျော့ ကစားရသလို ဖြစ်နေခဲ့တယ်။ သူက လုံးဝကို ဗလာဖြစ်နေခဲ့တာ။ အရင်ကလဲ သူ မိနစ်၆၀ လောက်ပဲ ခဏခဏကစားခဲ့တာပါ။ သူ့မှာ အားကုန်ခမ်းသွားခဲ့တာ” လို့ ဆိုပါတယ်။