ဂမ်ဒိုဂန် အပေါ် သဘောထားပြောင်းလာတဲ့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂမ်ဒိုဂန်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ စီးတီးဟာ အခုရာသီမှာ ဆုဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ပေမယ့် ဂန်ဒိုဂန်က အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာထံ ပြောင်းရွှေ့ချင်နေပါတယ်။

အခုချိန်မှာလည်း စီးတီးအနေနဲ့ ဂမ်ဒိုဂန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့် ကစားသမားကိုယ်တိုင်က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်နေတာဖြစ်ပါတယ်။

ဂျာမန်သားဟာ ဂွါဒီယိုလာ လက်အောက်မှာ ပုံစံကောင်းရနေတာဖြစ်ပြီး အခု ရာသီဆုဖလား အောင်မြင်မှုတွေမှာ အရေးပါခဲ့တာဖြစ်ပါတယ်။ ဂမ်ဒိုဂန် အသင်းပြောင်းမယ့် အကြောင်း ယခင်လတွေတည်းက သတင်းကြီးနေပေမယ့် ဂွါဒီယိုလာကတော့ အခုမှ ဆက်ထိန်းထားလိုကြောင်း ဖွင့်ဟလာတာပါ။

ဒီအပတ် အင်တာဗျူးမှာ ဂွါဒီယိုလာက ဂမ်ဒိုဂန်ကို ဆက်ထိန်းထားချင်တဲ့အကြောင်း အခုလို ပြောကြားလာပါတယ်။

“သူ့ကို ဘာစီလိုနာအသင်းက အရမ်းစိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ စီးတီးကလည်း အရမ်း စိတ်ဝင်စားနေပါတယ်။ ကျွန်တော်တို့ ၂ သင်းစလုံးက စိတ်ဝင်စားနေပါတယ်။

သူ ဆက်နေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူဘာစီလိုနာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရင်လည်း တကယ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂမ်ဒိုဂန် အပြင် မန်စီးတီးက ဝေါ်ကာ ကိုလည်း အသင်းမှာ ဆက်ထိန်းထားလိုနေပါတယ်။