ဓာတ်ပုံ အတူ ရိုက်ချင်ရင် ရတယ်၊ မန်ယူတော့ မပါနဲ့ လို့ ပြတ်သားပြခဲ့တဲ့ စီးတီး တိုက်စစ်မှုး ဟာလန်း
မန်စီးတီးကြယ်ပွင့် တိုက်စစ်မှုးဟာ ဟာလန်းဟာ မွေးရပ်မြေ ရောက်နေစဉ် သူနဲ့ဓာတ်ပုံအတူ တွဲ ရိုက်ခွင့်တောင်းတဲ့ မန်ယူ ပရိသတ် ကလေးငယ်ကို နောက်တစ်ခါကျရင် အင်္ကျီပြောင်းဝတ်လာဖို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့အတူ ဖလား ၃ လုံးအောင်မြင်မှုရရှိထားတဲ့ ဂိုးသွင်းစက်ဟာ ဘောလုံးရာသီကုန် အားလပ်ချိန်မှာ နော်ဝေက သူ့ဇာတိမြို့ကို ပြန်ရောက်နေတာပါ။
ပြီးဆုံးသွားခဲ့တဲ့ဘောလုံးရာသီမှာ စံချိန်တင်ဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၃၆ ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၅၂ ဂိုး သွင်းနိုင်ခဲ့တဲ့ ဟာလန်းဟာ နော်ဝေနိုင်ငံရဲ့ဂုဏ်ဆောင်လည်း ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် နော်ဝေမှာဆို ဘယ်အသင်း ပရိသတ်ပဲဖြစ်ဖြစ် ဟာလန်း နဲ ဓာတ်ပုံတွဲရိုက်ချင်နေကြတာပါ။ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုမှာလည်း ဟာလန်းဟာ မန်ယူဂျာစီဝတ် ပရိသတ်ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံ တွဲရိုက်ခွင့် တောင်းခံခဲ့ရပါတယ်။
ဟာလန်းကလည်း မငြင်းပေမယ့် ခနေစောင့်လို့ပြောပြီး အဲဒီပရိသတ်ကလေးငယ်ရဲ့အင်္ကျီရင်ဘက်က မန်ယူတံဆိပ်ကို လှမ်းဖုံးခဲ့တာပါ။
ပြီးတော့မှ ဓာတ်ပုံရိုက်လို့ရပြီလို့ ဟာလန်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အတူတွဲဓာတ်ပုံရိုက်လု့ိပြီးတော့ ဟာလန်းက နောက်တစ်ခါ ဒီလိုရိုက်ချင်တယ်ဆိုရင် အင်္ကျီသစ်ဝယ်လာဖို့ အဲဒီပရိသတ်ကလေးငယ်ကို ပြောခဲ့တာပါ။
ဟာလန်းကတော့ နောက်နောက်ပြောင်ပြောင်နဲ့ ပြောလိုက်တာဖြစ်ပေမယ့် အဲဒီအဖြစ်အပျက်က မြို့ခံနှစ်သင်းကြားက ပြိုင်ဆိုင်မှုကို ထင်ရှားစေပါတယ်။
မန်ယူပရိသတ်တွေများတဲ့ နော်ဝေနိုင်ငံမှာ ဟာလန်းက မန်စီးတီးကြယ်ပွင့်ဖြစ်နေတာပါ။
