ဘိုင်ယန်မြူးနစ် စိတ်ဝင်စားလာတဲ့ မန်စီးတီး ကစားသမား ကယ်ဗင် ဖီးလစ် သဘောထားက ဘယ်လိုလဲ
ဘိုင်ယန်မြူးနစ်အသင်းက ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ကို လက်လျှော့ လိုက်ရ ပေမယ့်လည်း အခုတော့ ရိုက်စ်ရဲ့ အင်္ဂလန်အသင်းဖော် မန်စီးတီး ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ချဉ်းကပ် လာခဲ့ပြန်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိမှာ လိုက်ပ်ဇစ် ကွင်းလယ်လူ လိုင်းမား နဲ့ ဒေါ့မွန် ဘယ်နောက်ခံ ကစားသမား ဂွါဟေရိုတို့ကိုသာ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက်ကိုတော့ ဒက်ကလန်ရိုက်စ်လိုမျိုး quality player တစ်ဦးကို ထပ်မံ ခေါ်ယူချင်လာခဲ့ပါတယ်။
ဘိုင်ယန်ရဲ့ ကြိုးပမ်းလာမှုတွေကြောင့် ရိုက်စ်က ဘိုင်ယန်နဲ့ပါ သတင်းထွက်လိုက်သေးပေမယ့် နောက်ပိုင်းမှာတော့ ဘိုင်ယန်ဘက်က ရိုက်စ်အတွက် ကြီးကြီးမားမား ငွေကြေး သုံးစွဲသွားဖို့လည်း ဆန္ဒမရှိတော့တာကြောင့် ခေါ်ယူဖို့ လက်လျှော့လိုက်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်က ရိုက်စ်ကနေ မန်စီးတီး ကွင်းလယ်ကစားသမား ဖီးလစ်ကိုပဲ အာရုံစိုက်လာခဲ့ပြီး ဘိုင်ယန်ကလည်း ဖီးလစ်ရဲ့ အေးဂျင့်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးပါ ရှိနေတဲ့အတွက် ဒီအပြောင်းအရွှေ့က စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ရပါတယ်။
လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်း ဖီးလစ်က ပြီးခဲ့တဲ့ နွေကမှ မန်စီးတီးကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် စီးတီး ကွင်းလယ်က ရိုဒရီ ဂွန်ဒိုဂန်တို့ကို မကျော်လွန်နိုင်ပဲ အရန်ကစားသမားအဖြစ်နဲ့သာ အချိန်ကုန်နေခဲ့ရပါတယ်။
အခုလည်း မန်စီးတီးက ဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းဆီ လက်လွတ်ရချိန်မှာတောင် စီးတီးက ချယ်လ်ဆီးကနေ ကိုဗာချစ်ကို ခေါ်ယူထားခဲ့သလို ရိုက်စ်ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတာကြောင့် ဖီးလစ်အတွက် ပွဲကစားခွင့်တွေ ပိုမို နည်းပါးလာဖို့သာ ရှိနေရပြီး ဒီလို အခြေအနတွေကြောင့်ပဲ ဖီးလစ်ကို ဝက်စ်ဟမ်းအသင်းက စောင့်ကြည့်နေသလို ဘိုင်ယန်ကပါ စိတ်ဝင်စားလာခဲ့ရတာ ဖြစ်ပါတယ်။
ကစားသမား ဘက်ကတော့ မန်စီးတီးကနေ လွယ်လွယ် မထွက်ခွာလိုဘဲ ပွဲထွက်ခွင့် အတွက် ဆက်လက် ကြိုးစားသွားလိုနေတယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းတွေက ဖော်ပြလာပါတယ်။
