မန်စီးတီးက ဒီကလန်ရိုက်စ် ကို တကယ် ခေါ်မှာလား၊ တကယ် ငွေသုံးကြမ်းဦးမှာလား

ဒီတလော သီတင်းပတ်တွေထဲ အပြောင်းအရွှေ့သတင်းတွေက စုံနေအောင် လှုပ်ခတ်လို့ နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်က မေဆင်မောင့်၊ ဟယ်ရီကိန်း၊ ဂရင်းဝုဒ်ဆိုပြီး မျိုးစုံ သတင်းတက်နေသလို ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အာဆင်နယ်၊ မန်စီးတီးနဲ့ မန်ယူ တို့ အပြိုင်လုနေကြတယ်ဆိုတဲ့ သတင်းလည်း ပါပါတယ်။

အဓိက ကွင်းလယ်လူ သောမတ်စ် ပါတေးကို လက်လွှတ်ရဖို့ရှိနေတဲ့ အာဆင်နယ်ဟာ အင်္ဂလန်သား ဒီကလန် ရိုက်စ်ကို လိုချင်နေတာ အမှန်ပါ။ ဒါပေမဲ့ ဒီနေရာမှာ မန်စီးတီးကလည်း မြင့် မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်မယ်ဆိုပြီး သတင်းတွေ ထွက်နေခပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိတော့ မန်စီးတီး တာဝန်ရှိသူတွေဟာ ရေရာတဲ့ လှုပ်ရှားမှု တစ်ခုမှ မလုပ်ခဲ့တာကို သတိပြုမိပါတယ်။ စီးတီးဆိုတာက လက်ရှိမှာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၁၅ မျိုးနဲ့ စွဲချက် တင်ခံထားရတဲ့အသင်းဖြစ်နေပြီး ငွေသုံးဖို့အတွက် ဝန်လေး နေတဲ့ အသင်းပါ။

ဒါပေမဲ့ နည်းပြ ဂွါဒီယိုလာရဲ့အသင်းဟာ သူတို့ အမှန် အကန် လိုချင်တယ်ဆိုရင်တော့ ငွေကို တကယ်သုံးတယ်ဆိုတာ ဂျက်ဂရီလစ်ရှ်ရဲ့ အပြောင်းအရွှေ့က သက်သေပါပဲ။ ဒီအတွက် မလိုဘူးဆိုရင်တော့ ငွေကို တစ်ပြားမှ ထုတ်မသုံးဘဲ သိမ်းထားမယ့် အသင်းမျိုးပါ။

မိုးပြာရောင် အသင်းရဲ့ ကွင်းလယ်မှာ အခုဆိုရင် ဖလား ၃ လုံးယူထားတဲ့ အသင်းကနေပြီး အသင်းခေါင်းဆောင် ဂွန်ဒိုဂန်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီ ကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ဟာ မန်စီးတီးအတွက် တကယ့်ကို တိုက်ရိုက် အချိုးကျတဲ့ ကိစ္စတစ်ခုပါ။

ဒီအတွက် အင်္ဂလန်သားနဲ့ပတ်သက်ပြီး မန်ချက်စတာကလပ်ဟာ ဘယ်ဘက်အခြမ်းမှာ ခြေစုံရပ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

လက်ရှိ မန်စီးတီး လူစာရင်းကို ကြည့်လိုက်တဲ့အခါ ကွင်းလယ်နေရာမှာ ဒီဘရိုင်း၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ကယ်ဗင်ဖိလစ်၊ မာရက်ဇ်တို့ ရှိနေပြီးသားပါ။

ဒီကစားသမားတွေ အကုန်လုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ စီးတီးရဲ့ သမိုင်းဝင် ဖလား ၃ လုံး အောင်မြင်မှုမှာ အဓိက ကျတဲ့နေရာတွေကနေ အသုံးတော်ခံခဲ့ကြတာပါ။

အဲဒီ ကွင်းလယ် အင်အားစု ထဲကို ဒီကလန်ရိုက်စ်တစ်ယောက် ရောက်လာလို့လည်း စီးတီးက လက်ရှိ ထက် အများကြီး ပြောင်းလဲသွားမှာ မဟုတ်သလို မရောက်လာရင်လည်း ဘာမှ သိပ်ပြီး မထူးခြားနိုင်ပါဘူး။ နောက်ပြီး အင်္ဂလန်သားကို ခေါ်ဖို့ဆိုရင် စီးတီး ဟာ ပေါင်သန်း ၁၀၀ နဲ့အထက်ကို သုံးရတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး ဘဏ္ဍာရေးစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပေါင်သန်း ၁၀၀ ဆိုတဲ့ ငွေပမာဏကို စီးတီး အသင်းက ထုတ်ပြလိမ့်မယ်တော့ မထင်မိပါဘူး။

ဒါ ကြောင့် ဒီကလန်ရိုက်စ်ကို မန်စီးတီးက ခေါ်ချင်တယ်ဆိုတာဟာ အင်္ဂလိပ် မီဒီယာတချို့ရဲ့ ထွင်လုံးလောက်သာဖြစ်နိုင်တယ်လို့ မြင်မိပါတယ်။