လိုက်ပ်ဇစ် နောက်ခံလူ ဂါဗာဒီယော ကို ခေါ်ယူဖို့ မန်စီးတီး ပထမအဆင့် အောင်မြင်ပြီ
မန်ချက်စတာစီးတီးအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ ခရိုအေးရှား လက်ရွေးစင် ဗဟို ခံစစ်ကစားသမားလေး ဂါဗာဒီယော ကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူသွားနိုင်ခဲ့ပြီလို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သမိုင်းဝင် ဖလား (၃)လုံး အောင်မြင်မှုကြီးကို ပိုင်ဆိုင်ခဲ့ ရပေမယ့်လည်း အသင်းကို ပိုမို အားကောင်းတဲ့ အစုအဖွဲ့မျိုး ရှိနေစေဖို့အတွက်နဲ့ အသင်းကနေ ထွက်ခွာ သွားတော့မယ့် ကစားသမားတွေ နေရာအတွက် ပြန်လည် ဖြည့်တင်းမှုတွေ လုပ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသင်းက ထွက်ခွာသွားပြီဖြစ်တဲ့ ဂွန်ဒိုဂန်ရဲ့နေရာမှာ ချယ်လ်ဆီးက ခရိုအေးရှား ကွင်းလယ်လူ ကိုဗာချစ်နဲ့ ပြန်လည် အစားထိုးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ကိုဗာချစ်ကို ပေါင် သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူထားနိုင်ခဲ့တဲ့ မန်စီးတီးက နောက်ထပ် ကွင်းလယ်လူ တစ်ဦးအဖြစ် ဒက်ကလန်ရိုက်စ်ကို အလိုရှိနေသလို အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတဲ့ နောက်ခံလူ လာပေါ့တ်နေရာအတွက်ကိုလည်း ဂါဗာဒီယော နဲ့ အစားထိုးချင်နေပါတယ်။
အသက် (၂၁)နှစ်အရွယ်ရှိ ခရိုအေးရှား ခံစစ် ကစားသမား ဂါဗာဒီယော ဟာ မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာ အလွန် ကြိုက်နှစ်သက်ရတဲ့ လူငယ် ခံစစ်မှူးတစ်ဦးဖြစ်လို့ ဒီနွေဈေးကွက်တည်းမှာပဲ အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။
အခုတော့ မန်စီးတီးက ဂါဗာဒီယောနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်လို့ လိုက်ပ်ဇစ်အသင်းနဲ့ ဂါဗာဒီယော ပြောင်းရွှေ့ကြေးကို ဆက်လက် ညှိနှိုင်းဖို့သာ ကျန်ရှိနေပါတော့တယ်။
လိုက်ပ်ဇစ်ဘက်ကတော့ မကြာသေးခင်ကမှ စာချုပ်သက်တမ်း တိုးမြှင့်ထားတဲ့ သူတို့ ကစားသမားအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးအထိ လိုအပ်နေပြီး ယူရို သန်း(၁၀၀)အထက် ကမ်းလှမ်းလာမှသာ လက်ခံ စဉ်းစားသွားဖွယ် ရှိနေတယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပါတယ်။
