ဝေါ်ကာ နေရာ အစားထိုးဖို့ မန်ီးတီး ချိန်ရွယ်လာတဲ့ နာမည်ကြီး နောက်ခံလူ
မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ညာခြမ်း ခံစစ်နေရာအတွက် ပီအက်စ်ဂျီအသင်းရဲ့ မော်ရိုကို ညာနောက်ခံ ကစားသမား ဟာခီမီကို ဒီနွေဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဟာခီမီအတွက်ကိုလည်း မြင့်မားတဲ့ အသုံးစရိတ်ပါ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အသက် (၂၄)နှစ်အရွယ် မော်ရိုကို လက်ရွေးစင် ညာနောက်ခံလူ ဟာခီမီဟာ စီးတီးမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ညာစွန် နောက်ခံလူ ကိုင်ဝေါ်ကာရဲ့ နေရာမှာ ရေရှည် အစားထိုး သွားနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် စီးတီးနည်းပြကြီး ဂွါဒီယိုလာက သတ်မှတ်ထားတာကြောင့် ဟာခီမီကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။
ဝေါ်ကာကတော့ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ရှိနေသလို နောက်ထပ် နောက်ခံအစွန်လူ ကန်ဆယ်လိုလည်း အသင်းကနေ ထွက်ခွာတော့မှာမို့ ဟာခီမီလို ကွာလတီရှိ နာမည်ကြီး ကစားသမားမျိုးကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၄)နှစ်အရွယ်နဲ့ ရီးယဲလ် ဒေါ့မွန် အင်တာ နဲ့ ပီအက်စ်ဂျီအသင်းတို့လို ဥရောပ ထိပ်တန်း ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး ဆုဖလားတွေလည်း ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ ဟာခီမီက လက်ရှိမှာ ပီအက်စ်ဂျီ အသင်းသားတစ်ဦး ဖြစ်နေပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အသင်းနဲ့ လမ်းခွဲချင်နေတယ်လို့ စပိန်သတင်းတွေကနေ ဖော်ပြထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖလား (၃)လုံး ချန်ပီယံ ဖြစ်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဒီဈေးကွက် အတွင်းမှာတော့ ချယ်လ်ဆီး ကွင်းလယ်လူ ကိုဗာချစ်ကို စတင် ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကိုလည်း ကမ်းလှမ်းဖို့ ရှိနေသလို ခံစစ်ပိုင်းအတွက်ကိုလည်း လိုက်ပ်ဇစ်ရဲ့ ဗဟို နောက်ခံလူ ဂါဗာဒီယော့ နဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူ ဟာခီမီတို့ကိုပါ ဆက်လက် ပစ်မှတ်ထားလို့နေပါတယ်။
