ဆော်ဒီကလပ်တွေရဲ့ ငွေပုံပေး စည်းရုံးမှုတွေကြောင့် ဘာနာဒို ကို ချုပ်တော့မယ့် မန်စီးတီး

မန်ချက်စတာစီးတီး အသင်းဟာ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။

မန်စီးတီးအသင်းရဲ့ အလှည့်ကျ လူထုတ်ပုံကြောင့် ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတဲ့ အဆိုပါ ပေါ်တူဂီသား ဟာ ဆော်ဒီကလပ်အသင်းအချို့ရဲ့ ကမ်းလှမ်းခြင်း ခံထားရသလို ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်ထဲ ပါဝင် နေတာကြောင့် မန်စီးတီးအသင်းက စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ နောက်ထပ် ၂ နှစ် စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ ၁၂ လ နောက်ပိုင်း ရိုနယ်ဒို အပါအဝင် ထိပ်တန်း ပလေယာတွေကို ဆက်တိုက်ခေါ်ယူနေတဲ့ ဆော်ဒီလိဂ်ရဲ့ ငွေပုံပေးခေါ်ယူတဲ့ နည်းစနစ်တွေကြောင့် ၎င်းတို့ရဲ့ စွယ်စုံရ ကစားသမားကို ဆက်လက် ထိမ်းသိမ်းဖို့ သက်တမ်းတိုး စာချုပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ အယ်လ်ဟီလာ အသင်းထံမှ တစ်ရာသီ ပေါင် ၇၅ သန်းတန် ကမ်းလှမ်းမှုတစ်ရပ် ရရှိ ထားကြောင်း သတင်းတွေ ထွက်ပေါ်ထားသူ တစ်ယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီ မန်စီးတီး အသင်းရဲ့ ဖလား သုံးလုံးအောင်မြင်မှု လမ်းကြောင်းမှာ အတော်လေး အရေးပါ အရာရောက် ခဲ့တာကြောင့် လက်ရှိ ကလပ်မှာသာ ဆက်လက် ကစားလိုနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီ ပါဝင်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၂၄ ပွဲက ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရခဲ့တာကြောင့် အခြား အသင်းဖော်တွေနဲ့ယှဉ်ရင် ပိုမို ပွဲထွက်ခွင့်ရခဲ့တဲ့ အနေအထားမျိုးမှာ ရှိနေပြီး ချန်ပီယံလိဂ် ကွာတား၊ ဆီမီးအဆင့်တွေမှာ အသင်းအတွက် အရေးပါသွင်းဂိုးတွေ သွင်းယူပေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။