ငယ်ဘဝ အိပ်မက်ကြောင့် ထွက်ခဲ့ပေမယ့် မန်စီးတီးကို ကြေကွဲစွာ နှုတ်ဆက်သွားတဲ့ ဂွမ်ဒိုဂန်ရဲ့ စကားသံ

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ ဂျာမန် ဝါရင့်ကွင်းလယ်လူ ဂွန်ဒိုဂန်ကို အလွတ်နဲ့တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဂွန်ဒိုဂန်ဟာ မန်စီးတီးကစားသမားဘ၀ (၇)နှစ်တာကာလအတွင်း ပွဲပေါင်း(၃၀၄)ပွဲကစား၊ ဂိုး(၆၀)သွင်းယူခဲ့ပြီး အဓိကဆုဖလား (၁၂)ခုအထိ ရယူခဲ့သလို ပြီးခဲ့တဲ့ရာသီက သမိုင်းဝင်အောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂွန်ဒိုဂန်ရဲ့ လက်ရှိစာချုပ်က အခုဇွန်လကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး မန်စီးတီးနဲ့စာချုပ်သစ်မချုပ်ဘဲ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂွန်ဒိုဂန်ကို (၁)နှစ်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဂွန်ဒိုဂန်ဟာ သူ ငယ်စဉ်ကတည်းက, ကစားချင်တဲ့ ဘာစီလိုနာအသင်းမှာ ကစားခွင့်ရဖို့အတွက် မန်စီးတီးနဲ့လမ်းခွဲခဲ့တာပါ။

ဂွန်ဒိုဂန်က “တကယ်လို့ ကျွန်တော် အသင်းပြောင်းမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ကျွန်တော် ပြောင်းမယ့် အသင်းက တစ်သင်းပဲရှိပါတယ်။ အဲဒီအသင်းကတော့ ဘာစီလိုနာပဲဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက တစ်နေ့နေ့ကျရင် ဘာစီလိုနာအသင်း ဂျာစီ ဝတ်ဆင်ခွင့်ရဖို့ အိပ်မက် မက်ခဲ့တာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အခု ဂွန်ဒိုဂန်ဟာ သူ့ ငယ်ဘဝအိပ်မက်ကို အကောင်အထည် ဖော်နိုင်ပြီဖြစ်ပေမယ့် မန်စီးတီးကိုလည်း ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘဲ သူ့ရဲ့ Twiiter မှာ နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

ဂွန်ဒိုဂန်က ‘ကြီးကျယ်ခမ်းနားတဲ့ (၇)နှစ်တာအချိန်ကတော့ အဆုံးသတ်ခဲ့ရပါပြီ။ မန်စီးတီးအသင်းဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ‘Once a blue, Always a blue’ …အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် . .မန်စီးတီး’လို့ ရေးပြီး Post တင်ခဲ့ပါတယ်။

ဒါ့အပြင် ဂွန်ဒိုဂန်ဟာ ‘ဒီနေ့ကတော့ ကျွန်တော့်အတွက် ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကို တစ်ပြိုင်နက် ပိုင်ဆိုင်ရတဲ့နေ့ပါပဲ။ နှုတ်ဆက်လမ်းခွဲတယ်ဆိုတာ ခက်ခဲသလို မန်စီးတီးလို အသင်းကနေ ထွက်ခွာရတာက ပိုပြီးခက်ခဲပါတယ်။

မန်စီးတီးမှာ လက်တွဲခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အမြဲတမ်းလွမ်းနေမှာပါ။ ဒါပေမဲ့လည်း အသင်းကနေ ချန်ပီယံတစ်ဦးအဖြစ် ထွက်ခွာ နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောချင်ပါတယ်။

ကျွန်တော့် နှလုံးသမားထဲမှာ မန်စီးတီးကို ချစ်တဲ့စိတ်ကလွဲပြီး တခြားဘာမှမရှိပါဘူး။ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာဖြစ်ပြီး ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အပေါ် နားလည်ခွင့်ပြုပေးခဲ့တဲ့ ဂွါဒီယိုလာကိုလည်း ကျေးဇူးတင်ပါတယ်’လို့ ရေးသားခဲ့ပါတယ်။