ဂွာဒီယိုလာ လက်အောက် မန်စီးတီးထက် ငွေပိုသုံးထားတဲ့ ပရီးမီးယားလိဂ်ကလပ် ၂ သင်း

ဒီဘက်ဆယ်စုနှစ်မှာ အင်္ဂလန်လိဂ်ကို မန်ချက်စတာစီးတီးက လွှမ်းမိုးထားခဲ့ပြီး ဂွာဒီယိုလာနဲ့အတူ နောက်ဆုံး ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ချန်ပီယံ ၅ ကြိမ်ထိ ဖြစ်ထားခဲ့ပါတယ်။
ဒီကာလတွေအတွင်း မန်စီးတီးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ ကြိမ် တက်ရောက်နိုင်ခဲ့ကာ တစ်ကြိမ် ချန်ပီယံဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် လူတိုင်းကတော့ မန်စီးတီး အောင်မြင်နေတာက ငွေသုံးလို့ ဆိုပြီး အကြောင်းပြပါတယ်။ ဒါဟာ တကယ်ပဲလား?
အချက်အလက်တွေအရတော့ မန်စီးတီးဟာ အင်္ဂလန်လိဂ်ရဲ့ ငွေအသုံးဆုံး ကလပ်တွေထဲ ထိပ်ဆုံးက ပါဝင်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့်လို့ ငွေသုံးလို့ချည်း သူတို့အသင်း အောင်မြင်နေတယ် ဆိုတာကတော့ အမှန်မဟုတ်ပါဘူး။
မန်စီးတီးကို ဂွာဒီယိုလာ ရောက်လာပြီးနောက်ပိုင်း အင်္ဂလန်လိဂ်ရဲ့ အသုံးစရိတ် အထုတ်ဆုံး ထိပ်ဆုံး ၁၀ သင်း စာရင်း ထွက်ပေါ်လာရာမှာ ဂွာဒီယိုလာဟာ အဓိက ပြိုင်ဘက်ဖြစ်သူ ကလော့ပ်ထက်စာရင် အသုံးစရိတ် ၂ ဆ ကျော် ပိုသုံးခွင့် ရထားတယ်ဆိုတာ မှန်ကန်ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ထိပ်သီးအသင်းတွေကြားမှာ အတော်လေး သေးငယ်တဲ့ အသုံးစရိတ်ပဲ ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေကို မန်စီးတီးနဲ့ယှဉ်ပြိုင် အနိုင်ယူပြထားခဲ့ပါတယ်။
ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့ဟာ မန်စီးတီးမှာ ဂွာဒီယိုလာ သုံးနေတဲ့ အသာတင် အသုံးစရိတ်ထက်တောင် ပိုသုံးထားကြပါတယ်လို့ Givemesport က ဖော်ပြပါတယ်။ အာဆင်နယ်ဟာလည်း မန်စီးတီးသုံးတဲ့ အသာတင် ပမာဏနီးပါး ရှိလာနေပါပြီ။
ငြင်းချက်ထုတ်သူတွေကတော့ ဂွာဒီယိုလာဟာ ၆ ရာသီဆက်တိုက် ပုံမှန် ငွေသုံးနေတာဖြစ်ပြီး ယူနိုက်တက်နဲ့ ချယ်ဆီးတို့ရဲ့ အသုံးစရိတ်ဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ အတော်လေး များပြားခဲ့တာလို့ တုန့်ပြန်ကြပါတယ်။
မန်စီးတီးဟာ အောင်မြင်မှုကို ငွေနဲ့ ဝယ်ယူနေကြောင်း ငြင်းချက်တွေက လာမယ့်ရာသီတွေမှာလည်း ဆက်ရှိနေဦးမှာပါ။ သေချာတာကတော့ အသင်းကြီးတွေရဲ့ အသုံးစရိတ်ကြီးတွေ ထုတ်သုံးလာမှုအရ ဆုဖလား အောင်မြင်လိုရင် ငွေမသုံးလို့ မရတဲ့ အခြေအနေတော့ ရောက်လာနေပြီ ဖြစ်ပါတယ်။